ONE Warrior Series မှ ONE Championship သို့ တက်လာခဲ့သော ထိပ်တန်း ကစားသမား ၅ ဦး

ONE Warrior Series မှ ONE Championship သို့ တက်လာခဲ့သော ထိပ်တန်း ကစားသမား ၅ ဦး

ONE ၏ ဒုတိယဥက္ကဌ Rich Franklin သည် ONE Championship ပြိုင်ပွဲအတွက် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ONE Warrior Series ပြိုင်ပွဲကို စီစဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ပြိုင်ပွဲ ၈ ပွဲအထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ယင်းပြိုင်ပွဲများတွင် နိုင်ငံတကာမှ ကစားသမားကောင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို ONE Championship သို့ စာချုပ်ချုပ်ဆို ခေါ်ယူ လျက်ရှိသည်။ ထိုသို့ OWS ပြိုင်ပွဲမှတဆင့် ONE Championship သို့ ရောက်ရှိလာသော ကစားသမားများထဲမှ  အကောင်းဆုံး ကစားသမား အချို့အကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

(၁) Mark Fairtex Abelardo

နယူးဇီလန်ဖွား ဖိလစ်ပိုင်ကစားသမား Mark “Tyson” Fairtex Abelardo သည် OWS ပြိုင်ပွဲမှတစ်ဆင့် ONE Championship သို့ ရောက်လာသူ ဖြစ်သော်လည်း OWS သို့ မရောက်မီကတည်းက ပွဲအတွေ့အကြုံနှင့် ဖြတ်သန်းမှုများ များပြားခဲ့သူဖြစ်သည်။ ကစားသမား ဘဝတစ်လျှောက် ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၂၄ ပွဲ ကစားထားသည့် Abelardo ၏ အတွေ့အကြုံကို တော်ရုံ ONE Champinship ကစားသမားပင် မီနိုင်မည် မဟုတ်ပေ။ အသက် ၂၈ နှစ်အရွယ် Abelardo ၏ လက်စွမ်းကို OWS ပြိုင်ပွဲ ၂ ပွဲ ကစားပြီးသည်နှင့် ONE Championship မှ တာဝန်ရှိသူများက သတိထားမိခဲ့ကြပြီး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကိုယ်ခံပညာရှင် ဖခင်ဖြစ်သူ၏ သင်တန်းတွင် နေထိုင်ကြီးပြင်း ခဲ့ရသူ Abelardo သည် အသက် ၁ဝ နှစ် အရွယ်တွင်ပင် ကရာတေး ခါးပတ်နက် ရခဲ့သူဖြစ်ပြီး ဘရာဇီးဂျူဂျစ်ဆုနှင့် Kickboxing တို့ကို သင်ယူပြီးနောက် အသက် ၁၇ နှစ်တွင်ပင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားလောကထဲ ဝင်လာခဲ့သည်။ နယူးဇီလန်၊ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ပွဲများကို လှည့်လည် ယှဉ်ပြိုင်ခဲ့ပြီးနောက် ၁၄ ပွဲနိုင် ၅ ပွဲရှုံး ရလဒ် ရရှိခဲ့သဖြင့် OWS ပြိုင်ပွဲနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ Abelardo သည် OWS နှစ်ပွဲဆက် နိုင်ပြီးနောက် ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရကာ ပွဲဦးထွက်ပွဲကို အနိုင်ရလဒ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သူ ဖြစ်သည်။

(၂) Stamp Fairtex

နာမည်ကျော် ထိုင်းနိုင်ငံသူ Stamp Fairtex သည် မွေထိုင်းနှင့် Kickboxing တို့တွင် ONE Championship ၏ အက်တမ်ဝိတ်တန်း ချန်ပီယံခါးပတ်များ သိမ်းပိုက်ထားသူ ဖြစ်သော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင်မူ လူသစ်တန်းအဆင့်သာ ရှိသေးသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် Stamp သည် ONE Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများကို တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ဘဲ OWS ပြိုင်ပွဲကို ကနဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ဘက်ကို တစ်ချီတည်းနှင့် အလဲထိုး နိုင်ခဲ့သည့်အတွက် ONE Championship သို့ တက်ရောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

မွေထိုင်း လက်ဝှေ့သမား ဖခင်မှ မွေးဖွားခဲ့သည့် Stamp သည် အသက် ၅ နှစ် ကတည်းက မွေထိုင်းပညာကို သင်ယူခဲ့ပြီး အသက် ၆ နှစ်တွင် ကြိုးဝိုင်းထဲ စဝင်ခဲ့သည်။ ပထမဆုံး ပွဲတွင်ပင် ပြိုင်ဘက်ကို စက္ကန့် ၃ဝ အတွင်း အလဲထိုး နိုင်ခဲ့သည့် Stamp သည် ပရော် ဖက်ရှင်နယ် ကစားသမား ဘဝဖြင့် ပွဲပေါင်း ၈ဝ ကျော် ယှဉ်ပြိုင်ခဲ့ဖူးပြီး အများစုကို အလဲထိုး နိုင်ပွဲ ရခဲ့သည်။ ONE Championship တွင်လည်း မွေထိုင်းနှင့် Kickboxing ကမ္ဘာ့ ချန်ပီယံ ခါးပတ်နှစ်ခု ရရှိခဲ့ပြီးနောက် မတူညီသည့် တိုက်ခိုက်ရေး အားကစား ၃ မျိုးဖြင့် ကမ္ဘာ့ ချန်ပီယံ ဖြစ်သည့် ပထမဆုံး ကစားသမား ဖြစ်လာရန် မျှော်မှန်းနေသူ ဖြစ်သည်။ ၎င်း၏ ပထမဆုံး ONE Championship ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲတွင် မြေပြင်ချုပ်ကွက်ဖြင့် နိုင်ပွဲရယူထားသည်။

(၃) Lito Adiwang

ဖိလစ်ပိုင် ကစားသမား Lito “Thunder Kid” Adiwang သည် ပြီးခဲ့သည့် ONE: Century ပြိုင်ပွဲတွင် ၎င်း၏ ပထမဆုံး ပွဲဦးထွက် အဖြစ် Pancrase ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Senzo Ikeda နှင့် ရင်ဆိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်သည်။ Adiwang သည် ONE Warrior Series ပြိုင်ပွဲတွင် ၃ ပွဲဆက်တိုက် အနိုင်ရခဲ့သဖြင့် ONE Championship အတွက် ဒေါ်လာ တစ်သိန်း တန်ကြေးရှိသည့် စာချုပ် ချုပ်ဆိုခြင်း ခံထားရသူလည်း ဖြစ်သည်။ ဖိလစ်ပိုင်၏ နာမည်ကျော် Team Lakay မှ ထွက်ရှိလာသော Adiwang သည် နောက်ဆုံး ကစားထားသည့် ၆ ပွဲ ဆက်တိုက် အနိုင်ရထားသည်။

ဖိလစ်ပိုင် လယ်သမား မိသားစုမှ မွေးဖွားခဲ့သူ Adiwang သည် ကျောင်းသား ဘဝ ကတည်းက အနောက်တိုင်း လက်ဝှေ့နှင့် ဝူရှူး အားကစားတို့တွင် ထူးချွန်ခဲ့သူ ဖြစ်ည်။ အသက် ၂၆ နှစ် ရှိသူ Adiwang သည် ဖိလစ်ပိုင် လက်ရွေးစင် ဝူရှူး ကစားသမား ဖြစ်ခဲ့ကာ ဂျူဂျစ်ဆု ပြိုင်ပွဲများ တွင်လည်း ဒေသတွင်း ရွှေတံဆိပ်များကို ရရှိခဲ့ဖူးသည်။ ဖိလစ်ပိုင် ပြည်တွင်း URCC ပြိုင်ပွဲများတွင် လက်စွမ်းပြနိုင် ခဲ့သလို အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ပြိုင်ပွဲများကိုလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ONE Warrior Series ပြိုင်ပွဲသို့ ရောက်ရှိလာသည့် အခါတွင် ရှုံးပွဲမရှိ ပွဲတိုင်းနိုင်ခဲ့ပြီး ဒုတိယမြောက် ပွဲတွင် ပြိုင်ဘက်ကို ၄၅ စက္ကန့်ဖြင့် အလဲထိုး ခဲ့ဖူးသည်။

(၄) Dae Sung Park

တောင်ကိုရီးယား ကစားသမား Dae Sung “Crazy Dog” Park သည် OWS ပြိုင်ပွဲမှ ONE Championship သို့ ပထမဆုံး ရောက်ရှိ ခဲ့သည့် ကစားသမား ဖြစ်သည်။ Park သည် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပသော ပထမဆုံး OWS 1 ပြိုင်ပွဲတွင် ခေါင်ပွဲ ကစားခွင့် ရခဲ့ကာ ပြိုင်ဘက်ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့သည်။ ထို့ကြောင့် ယင်းပွဲအပြီးတွင် ONE Championship နှင့် စာချုပ်ခွင့် ရခဲ့ပြီး ပါဝင်ကစားခဲ့ရာ ယခုဆိုလျှင် ပွဲပေါင်း ၃ ပွဲအထိ ကစားခဲ့ပြီး ဖြစ်သည်။ ယင်း၃ ပွဲစလုံးတွင် Park သည် ပြိုင်ဘက်များကို အနိုင်ရရှိ ထားသည်ကို တွေ့ရသည်

Park သည် တောင်ကိုရီးယား ဥပဒေအရ စစ်မှု မထမ်းမနေရ တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ စတင်ဝင်ရောက် ခဲ့သူဖြစ်သည်။ သူ့ကို လေ့ကျင့်ပေးသူမှာ ONE Championship ကစားသမားဟောင်း တစ်ဦးဖြစ်သည့် Bae Yong Kwon ဖြစ်သည်။ Park ၏ ပထမဆုံး ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ၂ဝ၁၃ ခုနှစ်က ဂျပန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံမှ ပြိုင်ပွဲများတွင် လှည့်လည်ယှဉ်ပြိုင် ခဲ့ပြီးနောက် OWS ပြိုင်ပွဲသို့ ရောက်ရှိလာခဲ့သည်။ ထိုမှတဆင့် ONE Chmapionship သို့ တက်လှမ်းခဲ့ခြင်း ဖြစ်ပြီး ကစားသမား ဘဝတစ်လျှောက် ၁ဝ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။

(၅) Shinechagtga Zoltsetseg

အသက် ၂၂ နှစ်သာ ရှိသေးသူ မွန်ဂိုလီးယားသား Shinechagtga Zoltsetseg အတွက် OWS ပြိုင်ပွဲ ၅ ပွဲ ကစားခဲ့ရာတွင် ၄ ပွဲ အနိုင်ရခဲ့ သဖြင့် ONE Championship တွင် ပါဝင်ကစားရန် စာချုပ်ချုပ်ဆိုခြင်း ခံထားရသူ ဖြစ်သည်။ Zoltsetseg သည် လက်ရှိ အချိန်တွင် ONE Championship ပြိုင်ပွဲ တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးသော်လည်း ပြိုင်ဘက် မမျှော်မှန်း ထားသည့် လှလှပပ အကွက်ဆန်း များဖြင့် ယှဉ်ပြိုင်တတ်သည့် ၎င်း၏ ကစားဟန်ကြောင့် ပရိသတ်များ အကြားတွင် နာမည်ရနေသူ ဖြစ်သည်။ OWS ပြိုင်ပွဲတွင်လည်း တစ်ပွဲသာ အမှတ်ဖြင့် အနိုင်ရခဲ့ပြီး ကျန်ပွဲများကို အလဲထိုး ရလဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။

မွန်ဂိုလီးယားတွင် မွေးဖွားကြီးပြင်း ခဲ့သူ Zoltsetseg သည် ၂ဝ၁ဝ ခုနှစ် ကတည်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများ စတင် ယှဉ်ပြိုင်နေသူ ဖြစ်ပြီး Kickboxing, ဆန်ဒါ (တရုတ်လက်ဝှေ့) နှင့် အနောက်တိုင်း လက်ဝှေ့ တို့တွင် နိုင်ငံအဆင့် ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည်။ ၂ဝ၁၆ အိုလံပစ် ပြိုင်ပွဲတွင် မွန်ဂိုလီးယား လက်ရွေးစင် အဖြစ် အနောက်တိုင်း လက်ဝှေ့ အားကစားကို ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးကာ OWS 2 ပြိုင်ပွဲ ကတည်းက ပါဝင်ယှဉ်ပြိုင် နေခဲ့သူ ဖြစ်သည်။ OWS တွင် ၎င်းရှုံးနိမ်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားမှာ လက်ရှိ ONE Championship တွင် ယှဉ်ပြိုင်နေပြီ ဖြစ်သည့် Abelardo ဖြစ်သည်။ Zoltsetseg သည် ONE Championship တွင် နောက်ထပ် ဝိတ်တန်းနှစ်ခု ချန်ပီယံသစ် ဖြစ်ရန် ရည်မှန်းထားသည်ဟု ထုတ်ဖော် ကြေညာခဲ့သူ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required