တစ်အိမ်တစ်ဆင်း မဲမဆွယ်ရန် တားမြစ်ထားသည့် နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် NLD ကားဖြင့် လှည့်လည်မဲဆွယ်

တစ်အိမ်တစ်ဆင်း မဲမဆွယ်ရန် တားမြစ်ထားသည့် နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် NLD ကားဖြင့် လှည့်လည်မဲဆွယ်

နေပြည်တော်၊ အောက်တိုဘာ ၁၇ ။         ။ ဝန်ထမ်းအိမ်ရာများအတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့်ကို ကော်မရှင်က ပိတ်ပင်လိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အမတ်လောင်း ဦးဖြိုးဇေယျာသော်သည် အောက်တိုဘာ ၁၇ရက် ရုံးပိတ်ရက်တွင် ဝန်ထမ်းအိမ်ရာ၌ ယာဉ်တန်းဖြင့် လှည့်၍ မဲဆွယ်စည်းရုံးခဲ့သည်။

ဝန်းထမ်းများနေထိုင်သည့် လိုင်းခန်းများတွင် တစ်အိမ်တက်ဆင်း မဲဆွယ်ခွင့် မရသည့်အတွက် ယာဉ်တန်းဖြင့်သာ မဲဆွယ်ခဲ့ရသည့်အတွက် ပါတီ၏ မူဝါဒများ၊ အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို မဲဆန္ဒရှင်များရှေ့မှောက် လာမရှင်းပြနိုင်သည့်အတွက် ခွင့်လွှတ်ပေးရန် ၎င်းက ပန်ကြားခဲ့သည်။

“ကျွန်တော်တို့ပါ၏ မူဝါဒများ၊ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းများရဲ့ ကိုယ် ရေးမှတ်တမ်းအကျဉ်းများ၊ ကျွန်တော်တို့ပါတီမှ အခမဲ့ဖြန့်ဝေသော ဗီစီဒီများကို တိုက်အောက်မှာ လာရောက် ယူဆောင်နိုင်ပါတယ်ဗျာ" ဟု ဝန်ထမ်းအိမ်ရာများမှ မဲဆန္ဒရှင်များကို NLD အမတ် ဦးဖြိုးဇေယျာသော်က ယာဉ်ပေါ်မှ ဖိတ်ခေါ်ခဲ့သည်။

ယင်းသို့မဲဆွယ်ချိန်တွင် အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မဲဆွယ်စည်းရုံးမှုကို ခွင့်ပြုချက်အတိုင်း လုပ်ဆောင်ခြင်း ဟုတ်မဟုတ် မေးမြန်းခဲ့သေးသည်။

၎င်းအနေဖြင့် ဝန်ထမ်းအိမ်ရာအတွင်း ဌာနတာဝန်ရှိသူ တစ်ဦးအနေဖြင့် လိုက်လံ စစ်ဆေးခြင်းသာဖြစ်ပြီး မဲဆွယ်စည်းရုံးမှုကို ဟန့်တားခြင်းမဟုတ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

"ကျွန်တော် ဘာတစ်ခွန်းမှ မပြောဘူး၊ ကျွန်တော်မေးတာ တစ်ခုလေးပဲရှိတယ်၊ ကျွန်တော်တို့ ရထားတာ ကျွန်တော်တို့ တွေ့ထားတာကတော့ မနေ့တစ်နေ့ကတင်ပဲ ဝန်ထမ်းအိမ်ရာ စည်းရုံးခြင်း မလုပ်ရဘူး၊ လက်မခံရဘူး စသဖြင့် စည်းကမ်းလေးတစ်ခု ထွက်ထားလို့”ဟု အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က သတင်းထောက်များကို ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ်သည် နေပြည်တော်ရှိ ဝန်ကြီးဌာနများအားလုံးမှ ဝန်ထမ်းအများ နေထိုင်ကြပြီး ဝန်ထမ်းများနေထိုင်သည့် ရပ်ကွက်(၉)ရပ်ကွက်ရှိသည်။ ဇမ္မူသီရိမြို့နယ် မဲဆန္ဒနယ်တွင် ဝန်ထမ်းများ၏ ဆန္ဒမဲသည် အနိုင်ရရေးအတွက် အရေးကြီးသည့် အချက် တစ်ချက်ဖြစ်သည်။

အဆိုပါ ဝန်ထမ်းများရပ်ကွက်(၉)ခုလုံးတွင် ပြည်ခိုင်ဖြိုးပါတီကလည်း အောက်တိုဘာ ၁၇ရက်၌ပင် ပါတီဝင်များပါသည့် ယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများ၊ ဖျော်ဖြေရေး ယာဉ်တန်းမျာဖြင့် နေ့လည် တစ်နာရီခွဲမှစ၍ မဲဆွယ်စည်းရုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly