ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ (၅)ခုကို ယှဉ်ပြိုင်ဖို့အတွက် နယ်လ်သာလန်လိဂ်နဲ့ ဘယ်လ်ဂျီယံလိဂ်တို့ ပူးပေါင်းဖို့ စီစဉ်

ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ (၅)ခုကို ယှဉ်ပြိုင်ဖို့အတွက် နယ်လ်သာလန်လိဂ်နဲ့ ဘယ်လ်ဂျီယံလိဂ်တို့ ပူးပေါင်းဖို့ စီစဉ်
Photos: EPA

နယ်သာလန်အဆင့်မြင့်တန်းလိဂ်ပြိုင်ပွဲနဲ့ ဘယ်လ်ဂျီယံ ဂျူပီတာပရိုလိဂ်တို့ဟာ ဥရောပ်ထိပ်တန်းလိဂ်ပြိုင်ပွဲကြီး (၅)ခုကို စိန်ခေါ်နိုင်မယ့် အသင်း (၁၈)သင်းပါ 'BeNe' division နာမည်နဲ့ ပူးပေါင်း ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့ဟာ အခုလိုပူးပေါင်းမယ့် အစီအစဉ်တွေကို ယခင်က ဆွေးနွေးခဲ့ကြပေမယ့် အခုအခါမှာတော့ လိဂ်နှစ်ခုရှိ ကလပ်အသင်းတွေဟာ သူတို့ရဲ့ အဆင့်အတန်း တိုးမြှင့်ဖို့နဲ့ ကစားသမားတွေကို ဆွဲဆောင်ဖို့ ကြိုးစားတဲ့အနေနဲ့ ၂၀၂၀ သို့မဟုတ် ၂၀၂၁ ရာသီမှာ ပုံစံသစ်နဲ့ စတင်ဖို့ အဆိုပြုထားခဲ့တာဖြစ်ပါတယ်။

ဥရောပဘောလုံးလောကရဲ့ ထိပ်တန်း 'လိဂ် (၅)ခု'ဟာ ပရီးမီးယားလိဂ်၊ လီဂူ-၁၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနဲ့ လာလီဂါတို့ဖြစ်လို့ ယူမှတ်ကြပါတယ်။ ဒီထိပ်တန်းလိဂ်တွေရဲ့ ဥရောပအသင်းကြီးတွေဟာ များပြားတဲ့ ငွေကြေးတွေနဲ့ ကမ္ဘာ့ထိပ်တန်းကစားသမားတွေကို စွဲဆောင်နိုင်ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လ်ဂျီယံပထမတန်းပြိုင်ပွဲရဲ့ ဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့ ကလပ်ဘရုဂေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူဟာ ပြိုင်ဆိုင်မှုကို ပေးနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ လိဂ်ပြိုင်ပွဲသစ်တစ်ခု ဖန်တီးဖို့ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်ကို အခုအခါ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ကလပ်ဘရုဂေးရဲ့ ဥက္ကဋ္ဌ ဗယ်လ်ဟယ်ဂီက "ကျနော်တို့ဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုနဲ့ ကွာဟမှု လျှော့ချပစ်ဖို့ နယ်သာလန်တို့နဲ့အတူ ပြိုင်ပွဲတစ်ခုကို ပြင်ဆင်နေပါတယ်။"လို့ ပြင်သစ်သတင်းစာ Le Monde နဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။

"ဘယ်လ်ဂျီယံဘောလုံးလောကဟာ နိုးထလာပြီး ခေတ်မီလာပါပြီ။ လူပေါင်း (၂၈)သန်းလောက်ရှိတဲ့ စျေးကွက်ထဲကို ကျနော်တို့ ဝင်ရောက်ထိတွေ့နိုင်ပြီဖြစ်ပါတယ်။

"ဒီအစီအစဉ်အတွက် ဆွေးနွေးပွဲကို ဒီအပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီချန်ပီယံရှစ်မှာ ကလပ် (၁၈)သင်းပါဝင်လာပါလိမ့်မယ်။ အသင်း (၈)သင်းကတော့ ဘယ်လ်ဂျီယံက ဖြစ်ပါလိမ့်မယ်။

"အားလုံးမြန်မြန်ဆန်ဆန်သွားနိုင်ဖွယ်ရှိတယ်။ ပြိုင်ပွဲသစ်ဟာ လာမယ့်ရာသီမမီရင် ရှေ့လာမယ့် နှစ်ရာသီမှာ ဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။"

လက်ရှိအချိန်မှာ နယ်သာလန်လိဂ်ပြိုင်ပွဲမှာ အသင်း (၁၈)သင်းနဲ့ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲမှာ အသင်း (၁၆)သင်း ယှဉ်ပြိုင်လျက်ရှိပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required