ရခိုင်က အကြမ်းဖက်သမားတွေကို နိုင်ငံတကာက အာရုံမစိုက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဆို

ရခိုင်က အကြမ်းဖက်သမားတွေကို နိုင်ငံတကာက အာရုံမစိုက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဆို
ARSA အကြမ်းဖက်အဖွဲ့ (ARSA video, YouTube screengrab)

တိုကျို၊ အောက်တိုဘာ ၂၅ ။        ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ အရေးမှာ နိုင်ငံတကာဟာ ရခိုင်ပြည်နယ်အတွင်းက အစွန်းရောက်တွေနဲ့ အကြမ်းဖက်သမားတွေအပေါ် ပစ်မှတ်ထား အာရုံစိုက်တာ နည်းပါးတယ်လို့ မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းစွာ ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလို့ စစ်တပ်က နှိမ်နင်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ဆီ ဘင်္ဂါလီမွတ်စလင် ထောင်သောင်းများစွာ တိမ်းရှောင်ထွက်ပြေးကြပြီး နိုင်ငံတကာက မြန်မာစစ်တပ်ကို လူမျိုးစု ရှင်းလင်းသုတ်သင်တယ်ဆိုပြီး စွပ်စွဲထားကြတာ ဖြစ်ပါတယ်။

ARSA အကြမ်းဖက်အဖွဲ့က ရဲစခန်းတွေကို တိုက်ခိုက်မှုတွေ ကျုးလွန်ပြီး လူအစုအပြုံလိုက် သတ်ဖြတ်တာတွေ လုပ်ဆောင်လာရာမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ောဆင်ရွက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက လူမျိုးစု ရှင်းလင်းရေး လုပ်ဆောင်တယ်လို့ စွပ်စွဲခံရပေမယ့် မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုသူ စစ်သွေးကြွတွေကို ချေမှုန်းရေးအတွက် လိုအပ်တဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိစဉ် Nikkei သတင်းစာနဲ့ ဗုဒ္ဓဟူးနေ့က အင်တာဗျူးရာမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ ကာကွယ်ပြောဆိုချက်အတိုင်း ပြောဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးကို မလိုချင်တဲ့ အစွန်းရောက်အစုအဖွဲ့တွေ ရှိနေတာ ကျိန်းသေပါပဲ။ ပြည်နယ်တွင်းမှာ ပြဿနာတွေ ရှိနေမှပဲ အကြမ်းဖက်သမားတွေ အင်အားကြီးထွား ရှင်သန်လာမှာကြောင့်ပါပဲ။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားပေါ်ပေါက်စေတဲ့ အကြမ်းဖက်သမားတွေအပေါ် နိုင်ငံတကာက အနည်းငယ်ပဲ အာရုံစိုက်တာအတွက် ကျွန်မတို့အနေနဲ့ စိတ်ပျက်စရာ ဖြစ်ရပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly