ရက်၂၀အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၀၄သန်းကျော်ဝင်ရောက်လာ

ရက်၂၀အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၀၄သန်းကျော်ဝင်ရောက်လာ

ရန်ကုန်။အောက်တိုဘာ ၂၄။         ။ ယခုဘဏ္ဍာနှစ်အစ ရက်၂၀အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ ၃၀၄သန်း ကျော်ခွင့်ပြုနိုင်ခဲ့ခြင်းကြောင့် ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် တာထွက် ကောင်းနိုင်ခဲ့ သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ ညွှန်ကြားရေးမှူးချုပ်ဦး သန့်စင်လွင်ကသုံးသပ်ပြောဆိုသည်။

အောက်တိုဘာလ ၂၃ရက်နေ့က ရန်ကုန်မြို့DICA ရုံးတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ အခမ်း အနားတွင် သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ( ၁၇/၂၀၁၉ ) အစည်းအဝေး ပြောင်းလဲထားတဲ့ ဘတ်ဂျက်နှစ် အစမှာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ ၃၀၄.၃၄၂ သန်းခွင့်ပြုနိုင်ခဲ့ပြီး ဒါဟာအလားအလာ ကောင်း တယ်လို့ သုံးသပ်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင် က ပြောသည်။

အဆိုပါ ခွင့်ပြုလုပ်ငန်းများထဲမှ ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Yangon Amata Smart and Eco City ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၂၇၄သန်းအထိ အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းသင်တန်းကျောင်းစင်တာစီမံကိန်းများကို ဆောင် ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် ရေနံနှင့်သဘောဝဓာတ်ငွေ့၊လယ်ယာကဏ္ဍ၊သတ္တုကဏ္ဍ၊စက်မှုကဏ္ဍ စသည့်ကဏ္ဍမျိုးစုံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပရောဂျက်ကြီးများ ဝင်ရောက်လာရန်ရှိနေခြင်းကြောင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းနိုင်ကြောင်း DICA မှ သုံးသပ်ထားသည်။

“နောက်ထပ်လည်း အရှေ့တောင်အာရှနိုင်ငံတွေက မြန်မာပြည်ထဲ ရွှေ့ဖို့ အစီအစဉ်ရှိပါတယ်။ ဘာကြောင့်ရွှေ့လည်းဆို အကြောင်းကြောင်းလေးတွေကြောင့်ပါ။ မြန်မာနိုင်ငံဟာ လုပ်အားခ သက်သာတာရယ် နိုင်ငံရဲ့ အလားအလာကောင်းရှိနိုင်တာကြောင့် ပမာဏကြီး လုပ်ငန်းရှိသေးတယ်။" ဟု ဦးသန့်စင်လွင်က ဆက်ပြောသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်နေ့မှ၂၁ရက်နေ့အတွင်း ရှိပြီးလုပ်ငန်းများ ပမာဏ တိုးမြှင့် ခဲ့ခြင်းအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ၂၉၂သန်းကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၈-၁၉ အောက်တိုဘာလတစ်လလုံးတွင် လုပ်ငန်းပေါင်း ၈ခုဖြင့် အမေရိကန် ဒေါ်လာ ၃၇သန်းကျော်သာဝင်ရောက်ထားခဲ့သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင်အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အပါအဝင် အမေရိကန်ဒေါ်လာ ၃၀၄သန်းကျော်ထိ ခွင့်ပြုပေးနိုင်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required