တရားမဝင် သတ္တုသန့်စင်စက်ရုံ တည်ဆောက်ထားသော GPS ကုမ္ပဏီအား အမည်ပျက်စာရင်း သွင်းပေးရန် အစိုးရထံ တောင်းဆိုသွားမည်

တရားမဝင် သတ္တုသန့်စင်စက်ရုံ တည်ဆောက်ထားသော GPS ကုမ္ပဏီအား အမည်ပျက်စာရင်း သွင်းပေးရန် အစိုးရထံ တောင်းဆိုသွားမည်
Photo  – Ko Moe ( MATA )

ရန်ကုန် ၊ အောက်တိုဘာ ၂၄။            ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ ရွာငံမြို့နယ် ၊ သဖန်းပင်ကျေးရွာအနီးတွင် ခွင့်ပြုမိန့်မရဘဲ တရားမဝင် ခဲသတ္တုသန့်စင်သော GPS ကုမ္ပဏီအား အမည်ပျက် စာရင်းသွင်း ပေးရန် အစိုးရထံတောင်းဆိုမည်ဟု MATA  အဖွဲ့မှ ထုတ်ဖော်ပြောဆိုလိုက်သည်။
 

“ ကျွန်တော်တို့ အဖွဲ့က တရားမဝင်သတ္တုတူးဖော်စက်ရုံရှိတာ သွားကြည့်တယ်။ အခုက ဒါကို ကျွန်တော်တို့ အနေနဲ့အစိုးရကို တင်ပြမယ်။ပြီးရင်GPSကုမ္ပဏီကို အမည်ပျက်စာရင်း ကြေညာပေးဖို့ လုပ်မယ်။ GPS ကုမ္ပဏီက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်တယ်။ ပြည်တွင်းမှာ အစိုးရနဲ့ ဖက်စပ် လုပ်နေတာရှိတယ်။ ဒီကုမ္ပဏီကိုယ်တိုင်က တည်ဆဲဥပဒေ သတ္တုတွင်းဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ အခါ ထိရောက်တဲ့အရေးယူမှု လုပ်ရမယ်။

မဟုတ်ရင် ကောင်းမွန်တဲ့ သယံဇာတ ရှေ့လျှောက် ဘယ် တော့မှရမှာ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ (MATA ) မှ ဦးအောင်ကျော်မိုး က ပြောသည်။

 GPS ကုမ္ပဏီ က တရားမဝင်  သတ္တုသန့်စင် စက်ရုံတည်ဆောက်ခြင်း နှင့် ပတ်သက်၍  ရွာငံမြို့နယ် ၊သဖန်းပင်ဘုန်းတော်ကြီးကျောင်းတွင်အောက်တိုဘာ ၂၁ ရက်၊ နံနက်ပိုင်းကဆွေးနွေးပွဲကျင်းပခဲ့ပြီး MATAမှ ကျွမ်းကျင်ပညာရှင်များ ၊GPS  နှင့် ဟာဘွန်စတားကုမ္ပဏီဘက်က တာဝန်ခံများ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ရွာငံဒေသခံ ပြည်သူလူထုများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ဒေသခံပြည်သူများကို ကုမ္ပဏီမှ တောင်းပန်ရန် ၊ တရားမဝင်တူးဖော်မှုများသည် သတ္တုတွင်း ဥပဒေများကို  ချိုးဖောက်ရာရောက်သောကြောင့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ကာ တရားဝင်ဆက် လက်လုပ်ကိုင်ခွင့်ရသည့်အထိ လုပ်ငန်းအားလုံး ရပ်ဆိုင်ထားရန် အင်ကြင်းရေ ဒေသသို့ ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်မှုကြောင့် ပျက်စီးသွားသော မြေယာ ၊ စိုက်ခင်း ၊ သဘာဝ ပတ်ဝန်းကျင် တောတောင်များတွက် စိုက်ပျိုး တောင်သူများအား နစ်နာကြေးပေးရန် ၊ ကုမ္ပဏီရပ်ဆိုင်း မှုကြောင့် အလုပ်သမားများအား နစ်နာကြေးပေးရန်( ၃ လနှင့် အထက် အလုပ်သမား များသာ) ၊ နောက်နောင် ယခုကဲ့သို့ သတ္တုတွင်း ဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်များအား လုံးဝမပြုလုပ်ရန် စသည့် အချက် ၅ ချက်တို့ကို သဘောတူညီခဲ့ကြောင်း သိရသည်။  

“GPS ကုမ္ပဏီက တရားမဝင်လုပ်ကွက်တွေ ဖော်ထုတ်ပြီး တူးနေတာ ရှိတယ်။ တူးနေပြီး သတ္တုခဲ စက်ရုံကြီး အကြီးကြီးတည်ဆောက်ထားတာ ရှိတယ်။ဒီကိစ္စက ကျွန်တော်တို့ နိုင်ငံက ဥပဒေနဲ့ အညီ တည်ဆောက်ထားတာ မဟုတ်ဘူး။” ဟုှ ဦးအောင်ကျော်မိုး က ဆက်ပြောသည်။

လက်ရှိတွင် သဖန်းပင်ကျေးရွာအုပ်စုအတွင်း ခွင့်ပြုချက်မရှိဘဲ ခဲသတ္တုများခိုးယူတူးဖော်နေသော ကုမ္ပဏီနှစ်ခုရှိကြောင်း ယင်းတို့မှာ GPS ကုမ္ပဏီ(ကောင်းသောအင်အားကြယ် ကုမ္ပဏီ)နှင့် သက်တမ်း ကုန်ဆုံးနေသော်လည်း သတ္တုများ ဆက်လက်တူးဖော်နေသည့် ဟာဘွန်စတားကုမ္ပဏီ တို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။  

“ သတ္တုသန့်စင်တဲ့စက်ရုံ အသေးစိတ်တော့ မသိသေးဘူး။ကုမ္ပဏီဘက်က ပြောတာက MIC ခွင့်ပြု ချက်နဲ့သန့်စင်ထားတာ ရပြီးသား။ ကျွန်တော်က  ဒီကိစ္စကိုလွှတ်တော်ထဲမှာ မေးခွန်းထည့်မေးရမှာ။ လက်ရှိကျွန်တော်တို့မှာ စာရွက်စာတမ်းအတိအကျ ပြစရာမရှိဘူး။ စက်ရုံပိုင်း အတွက်တော့အချက် အလက်တွေ စုံအောင်စုရမယ်။  အချက်အလက်စုံလင်ရင်တော့ လွှတ်တော်ကနေ သွားရမယ်။ အခု ထိတော့ အချက်အလက်တွေစုဆောင်းနေတုန်းပဲ။ ဒီအတွက်လွှတ်တော်အတွက် မေးခွန်းမေးမြန်း သွားဖို့ရှိပါတယ်” ဟု ရွာငံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း က ပြောသည်။  
 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly