မန္တလေးတွင် သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

မန္တလေးတွင် သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်
  ၂၀၁၈ခုနှစ်အတွင်းက ပြုလုပ်သည့် သံဃာအပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ဓာတ်ပုံ- မဇ္ဈိမ)

မန္တလေး(အောက်တိုဘာ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။       ။ မန္တလေးတိုင်း အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မန္တလေးမြို့တွင် လာမည့် ဒီဇင်ဘာ ၁၈ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အမျိုးဘာသာ ထွန်းလင်းတောက်ပစေရန်နဲ့ သံဃာအပါး သုံးသောင်း တစ်နေရာထဲမှာ စုပေါင်း၊ ဖူးမြော်၊ ကြည်ညို၊ လှူဒါန်းခွင့် ရရှိအောင် လုပ်ဆောင်တာ ဖြစ်သလို မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေ ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သံဃာတစ်ပါးလျှင် နဝကမ္မအဖြစ် အလှူငွေ သုံးသောင်းနှင့် အာရုံဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် ကြောင်း၊ မည်သူမဆို လာရောက် လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လှူဖွယ်ပစ္စည်းတွေကို ဒီဇင်ဘာ ၁ရက်နေ့ကနေ ၅ရက်နေ့အထိ လေယာဉ်ကွင်းအတွင်း လက်ခံ သိမ်းဆည်းပေးသွားမှာ ဖြစ်ပါတယ်။ သံဃာတော်အပါး ငါးထောင်နဲ့ တစ်သောင်းကြားကို လှူဒါန်းလိုတဲ့သူတွေအတွက် နေရာတစ်ခု သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်နိုင်တစ်ပိုင် လှူဒါန်းလိုတဲ့သူတွေကတော့ လွတ်တဲ့နေရာမှာ လောင်းလှူနိုင်ပါတယ်” ဟု ဦးစိုးလင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က မန္တလေးတောင်ခြေတွင် သံဃာအပါး တစ်သောင်းနှင့် ၂၀၁၈ ခုနှစ်ကလည်း  ချမ်းမြသာစည်လေယာဉ်ကွင်းတွင် သံဃာအပါးနှစ်သောင်းဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖြစ် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပခဲ့သေးသည်။

ယခုနှစ် ကျင်းပမည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ကုန်ကျစရိတ်ကိုမူ ထိုင်းနိုင်ငံဘက်မှ တစ်ဝက် အကုန်ချခံကာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly