ဘင်္ဂလားဒေ့ရှ်မှာ မိန်းကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်မှုအတွက် လူ ၁၆ ဦးအား သေဒဏ်ချ

ဘင်္ဂလားဒေ့ရှ်မှာ မိန်းကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်မှုအတွက် လူ ၁၆ ဦးအား သေဒဏ်ချ

အောက်တိုဘာ ၂၄။           ။ ဘင်္ဂလားဒေ့ရှ်မှာ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုအတွက် အဓိက ကျူးလွန်သူ ၁၆ ဦးအား အောက်တိုဘာ ၂၄ ရက်မှာ သေဒဏ်ချမှတ်လိုက် ပြီဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးငယ်ကတော့ သူမ တက်ခဲ့တဲ့ အစ္စလမ်ကျောင်းတစ်ခုက ကျောင်းအုပ်ဆရာတစ်ဦးရဲ့ လိင်စော်ကားမှု ကျူးလွန်ခံခဲ့ရလို့ တရားစွဲခဲ့ပြီးနောက် ခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ယခု အမှုကိစ္စကတော့ လူဦးရေ ၁၆၈ သန်း ရှိတဲ့ တောင်အာရှနိုင်ငံမှာ လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်မခံရတဲ့ အလေ့အထတစ်ခုကို မီးမောင်းထိုးပြသနေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေက ကျောင်းသား၊ကျောင်းသူတွေကို သင်ကြားပေးနေတဲ့ စာသင်ကျောင်းပေါင်း ၂၀,၀၀၀ ခန့်မှာ လိင်အကြမ်းဖက်မှုတွေ ထူပြောနေခဲ့ပါတယ်။

မီးရှို့သတ်ခံရတဲ့ နျူစရတ် ဂျဟန် ရာဖီ ဆိုသူ မိန်းကလေးငယ်ဟာ သူမ တက်ရောက်စာသင်ခဲ့တဲ့ ကျောင်းမှာ ကျောင်းအုပ်ဖြစ်သူရဲ့ လိင်စော်ကားမှုကို ခံခဲ့ရတဲ့နောက် အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ယင်းနောက်အမှုကို ပြန်ရုပ်သိမ်းဖို့ ဖိအားပေးခံရပေမယ့် ငြင်းဆန်ခဲ့တာကြောင့် ရာဖီကို ဧပြီ ၆ ရက်က တရားစွဲခံရတဲ့ ကျောင်းအုပ်ဆရာရဲ့ အပေါင်းပါတပည့်တွေက ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ခဲ့တာဖြစ်ပါတယ်။

လိင်စော်ကားမှုနဲ့ အမှုဖွင့်ခံရပြီး ထောင်ထဲမှာ ရှိနေချိန် ကျောင်းအုပ်ဆရာဖြစ်သူက မိန်းကလေးငယ် ရာဖီကို အထက်ပါအတိုင်း သတ်ဖို့ အပြင်မှာ ရှိတဲ့ တပည့်တပန်းတွေကို စေခိုင်းခဲ့တာလို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ယခုအခါမှာတော့ မိန်းကလေးငယ် ရာဖီကို ဓာတ်ဆီလောင်း မီးရှို့မှုအတွက် ကျောင်းအုပ်ဆရာအပါအဝင် လူ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required