အေဂျက်ကို အနိုင်ရခဲ့တဲ့အတွက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အင်မတန်ဂုဏ်ယူနေတဲ့ လမ်းပတ်

အေဂျက်ကို အနိုင်ရခဲ့တဲ့အတွက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အင်မတန်ဂုဏ်ယူနေတဲ့ လမ်းပတ်
Photos: EPA

ဘတ်ရှုဝါရီရဲ့ တစ်လုံးတည်းသော နောက်ကျသွင်းဂိုးနဲ့ အေဂျက်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့နည်းပြ လမ်းပတ်ကတော့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အင်မတန် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

အခုပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေတဲ့ အမေရိကန်လက်ရွေးစင် ပူလီဆစ်က ဘတ်ရှုဝါရီရဲ့ ဂိုးကို ဖန်တီးပေးခဲ့တာပါ။

လမ်းပတ်အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့နည်းပြအစဟာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် အသင်းဟာ အခုပွဲမှာ ပုံစံကောင်း တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ အေဂျက်ကို အနိုင်ကစားပြပြီးနောက်မှာတော့ (၆)ပွဲဆက် အနိုင်ရယူခဲ့ပါတယ်။

လမ်းပတ်ရဲ့ လူငယ်အသင်းဟာ ဒီပွဲအနိုင်ရလိုက်လို့ (၃)ပွဲကစား (၂)ပွဲနိုင်၊ (၁)ပွဲရှုံး (၆)မှတ်နဲ့ အေဂျက်အသင်းနဲ့ အမှတ်ချင်းတူညီပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအရ အုပ်စုကို ဦးဆောင်လိုက်ပါတယ်။

"ဒီကိုလာခဲ့ရတာ 'အင်မတန် ပျော်ပါတယ်။' ဒီပွဲဟာ ခက်ခဲလိမ့်မယ်ဆိုတာ ကျနော် သိပြီးသားပါ။ သူတို့အသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပရိသတ်အင်အား၊ အားပေးမှုလည်း အရမ်းကို ကောင်းပါတယ်။ ဒါ့ကြောင့် ဒီလိုနေရာကို လာပြီး အနိုင်ကစားနိုင်တယ်ဆိုတာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့လို့ပါ။ ဒါ့အပြင် ဒီနေ့ပွဲမှာ အသင်းရဲ့ ကစားပုံဟာလည်း အရမ်းကို ကောင်းမွန်ခဲ့တာကြောင့် အသင်းသားတွေရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် ကျနော် အင်မတန်ဂုဏ်ယူမိပါတယ်။"လို့ လမ်းပတ်က ပွဲအပြီး ပြောကြားခဲ့ပါတယ်။

"၅ ပွဲဆက်တိုက် အနိုင်ရထားတယ်ဆိုတာ အန္တရာယ်ကြီးတဲ့အကြောင်း ဒီနေ့ပွဲမစခင်လေးမှာပဲ ကျနော့်အသင်းသားတွေကို ပြောခဲ့ပါသေးတယ်။ ဒါဟာ တကယ်ပဲ အန္တရာယ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်မရွေး အမှားအယွင်းဖြစ်သွားနိုင်တဲ့အတွက်ပါ။ အခုဆိုရင် (၆)ပွဲဖြစ်သွားပြီဆိုတော့ ပိုလို့တောင် အန္တရာယ်ကြီးသွားပါပြီ။ ဆိုတော့ ဒါက လာမယ့် ဘန်လေနဲ့ပွဲကို ပြောတာပါ။"

ချယ်လ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဂ်ဖလားပွဲမကစားခင် လာမယ့် စနေနေ့မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို ကစားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly