အန်တိုနီယာနှင့်ယှဉ်ပြိုင်မည့် Gaol ၏ စိတ်ဝင်စားစရာ အချက် ၄ ချက်

အန်တိုနီယာနှင့်ယှဉ်ပြိုင်မည့် Gaol ၏ စိတ်ဝင်စားစရာ အချက် ၄ ချက်

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း အဓိက ပြိုင်ပွဲကြီးနှစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပထမပြိုင်ပွဲမှာ ဂျပန်နိုင်ငံ၊ တိုကျိုတွင်ပြုလုပ်သော ONE: CENTURY ပြိုင်ပွဲဖြစ်ပြီး ဒု တိယပြိုင်ပွဲမှာ အောက်တိုဘာ ၂၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Istora Senayan အားကစားရုံတွင်ကျင်းပမည့် ONE: DAWN OF VALOR ပြိုင်ပွဲဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ အဓိကခေါင်တွဲဆိုင်းမ ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းဖြစ်ပြီး လက်ရှိချန်ပီယံ ဆွီဒင်အားကစားသမား Zebaztian “The Bandit” Kadestam နှင့် စိန်ခေါ်သူ ကာဂျစ္စတန် အားကစားသမား Kiamrian “The General” Abbasov တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ONE: DAWN OF VALOR ပြိုင်ပွဲတွင် စုစုပေါင်းတွဲဆိုင်း ၁၅ ဆိုင်းပါဝင်ပြီး အမျိုးသားတွဲဆိုင်း ၁၄ ဆိုင်းနှင့် အမျိုးသမီးတွဲဆိုင်း ၁ ဆိုင်းပါဝင်သည်။ ရှားရှားပါးပါး ပါဝင်သည့် အမျိုးသမီးတွဲဆိုင်းမှာ အက်တမ်ဝိတ်တန်း တွဲဆိုင်းဖြစ်ပြီး အိမ်ရှင်အင်ဒိုနီးရှား အားကစား သမား Priscilla Hertati “Thathie” Lumban Gaol နှင့် မြန်မာအားကစားသမား အန်တိုနီယာတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် နောက်ဆုံးယှဉ် ပြိုင်ထားသောပြိုင်ပွဲများတွင် နိုင်ပွဲကိုယ်စီရယူထားသည်။

သို့သော် ယခုရင်ဆိုင်ရမည့် အင်ဒိုနီးရှား အားကစားသမားသည် အန်တိုနီယာထက် ပြိုင်ပွဲအတွေ့အကြုံ ပိုမိုရင့်ကျက်သလို ပွဲအရေ အတွက်လည်း ပိုမိုများပြားသည်။ အန်တိုနီယာသည် ONE Championship တွင် ၄ ပွဲယှဉ်ပြိုင်ထားပြီး Siam Training Camp အသင်းသား Gaol က ၁၀ ပွဲယှဉ် ပြိုင်ထားသောကြောင့် ထက်ဝက်ချိုးမက များပြားသည့်သဘောဖြစ်သည်။ ဝူရှူးအပါအဝင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပညာရပ်  များကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသော Gaol မှာ နည်းစနစ်ပိုင်းကျွမ်းကျင်သူဖြစ်ရာ အန်တိုနီယာအနေဖြင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မည့် အန်တိုနီယာ ၏ပြိုင်ဘက် Gaol ၏ စိတ်ဝင်စားစရာ အချက် ၄ချက်ကို ဖော်ပြလိုက်ရပါသည်။

၁။ ဝူရှူးဖြင့်စတင်ခဲ့သည့် ကိုယ်ခံပညာ အားကစားသမား ဘဝ

အသက် ၃၁ နှစ်အရွယ် Gaol သည် လက်ရှိအချိန်တွင် အင်ဒိုနီးရှားအားကစားပရိသတ်များ၏ အနှစ်သက်ဆုံးအားကစားသမားတစ် ယောက်ဖြစ်နေသော်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားအဖြစ် ရပ်တည် ရန်ဆုံးဖြတ်ချိန်ကမူ မိဘများက သဘောတူနှစ် သက်ခြင်းမရှိခဲ့ပေ။ မိဘများက သမီးဖြစ်သူကို ကျောင်းပညာရေးဘက်တွင် ထူးချွန်စေလိုသော်လည်း Gaol က အားကစားသမားဘဝကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၁၇ နှစ်အရွယ်တွင် ဝူရှူးအားကစားကို စတင်လေ့လာလိုက်စားခဲ့ပြီး အင်ဒိုနီးရှား ဝူရှူးလက်ရွေးစင်အ ဖြစ် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင် ကောလိပ်တက်ရန် ပညာသင်ဆုရရှိခဲ့သောကြောင့် ၎င်းအတွက် ရွေးချယ်စရာ လမ်းနှစ်သွယ်ရှိလာသည်။ မိဘများက ပညာတတ်တစ်ယောက်ဖြစ်လာရန် ဆန္ဒရှိသောကြောင့် ပညာတော်သင်ဆုကို ယူကာ ကောလိပ်ဆက်တက်စေလိုသော် လည်း Gaol က ပရော်ဖက်ရှင်နယ် အားကစားသမားသာ ဖြစ်ချင်သည်။ ထို့ကြောင့် ကောလိပ်တက်ရောက်နိုင်မည့် ပညာတော်သင်ဆုကို မယူဘဲ ပယ်ချခဲ့သောကြောင့် မိဘများ၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ ၎င်း၏အိပ်မက်မှာ ပရော်ဖက်ရှင်နယ် အားကစားသမား တစ်ယောက် ဖြစ်ရေးနှင့် အားကစားဖြင့် အသက်မွေးဝမ်းကြောင်းနိုင်ရေးပင်ဖြစ်သည်။

လုံ့လဝီရိယနှင့် ထက်သန်ပြင်းပြသော စိတ်ဆန္ဒတို့ကြောင့် Goal သည် အင်ဒိုနီးရှား ဝူရှူးချန်ပီယံနှင့် လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့သလို ဝူ ရှူးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ ပြည်တွင်းတွင်သာမက ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင်ပါ ဆုတံဆိပ်ဆွတ် ခူးနိုင်ပြီးချိန်တွင်တော့ မိဘများကလည်း သမီးဖြစ်သူ၏ဆန္ဒကို မတားဆီးတော့ဘဲ ခွင့်ပြုပေးလိုက်ရတော့သည်။

Angela Lee ကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ကူးပြောင်းလာသူ

ဝူရှူးနှင့်လက်ဝှေ့ကို နိုင်ငံတကာအဆင့်ပြိုင်ပွဲများအထိ သွားရောက်ယှဉ်ပြိုင်ဖူးသူ Gaol အတွက် နပမ်း၊ ဂျူဂျစ်ဆု၊ ကစ်ဘောက်ဆင်အ ပါအဝင် ကိုယ်ခံပညာရပ်ပေါင်းစုံ အသုံးပြုနိုင်သော ကိုယ်ခံပညာသိုင်းပေါင်းစုံအား ကစား နည်းက နီးစပ်သလိုရှိသော်လည်း အမှန်တ ကယ်တွင်မူ ဝေးကွာနေသည်က အမှန်ဖြစ်သည်။ သို့သော် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းကြီးနှင့် ပူး ပေါင်းလက်တွဲနိုင်ရန် ၎င်းကို စိတ်ဓာတ်လှုံ့ဆော်မှုပေးခဲ့သော အားကစားသမားတစ်ယောက်ရှိသည်။ ထိုသူက အခြားမဟုတ်ပါ။ ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee ပင်ဖြစ်သည်။

ကမ္ဘာ့ချန်ပီယံတစ်ယောက်မဖြစ်သေးခင် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသော ONE Championship ပြိုင်ပွဲတစ်ခု လာရောက်ယှဉ်ပြိုင်သော Angela Lee ကို Gaol မြင်တွေ့သွားပြီးနောက်ကိုယ်ခံပညာသိုင်းပေါင်း စုံအားကစားနည်းကို စိတ်ဝင်စားသွားခဲ့သည်။ မိမိထက် အသက်ငယ်ရွယ်သူ Angela Lee ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အားကြိုးမာန်တက်ယှဉ်ပြိုင်ပုံများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော Gaol က တစ်ချိန်တွင် ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်လာရန် ရည်မှန်းချက်ထားရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် နပမ်း၊ ဂျူဂျစ်ဆုစသော မြေပြင်ချုပ်ကွက်အသားပေးသည့် ကိုယ်ခံပညာရပ်များကို လေ့လာဆည်းပူးခဲ့သည်။

ဂျကာတာမြို့ရှိ အားကစားခန်းမများသို့ သွားရောက်ကာ မြေပြင်ချုပ်ကွက်နည်းဗျူဟာကို နေ့စဉ်နာရီပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ထိပ် တန်းအားကစားသမားကောင်း တစ်ယောက်ဖြစ်လာရန် လေ့လာဆည်းပူးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ONE နှင့်ပူးပေါင်းနိုင်ခဲ့ပြီး ထိုနှစ်ဖေ ဖော်ဝါရီလအတွင်း ပွဲဦးထွက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

အစပိုင်းတွင် ရုန်းကန်ခဲ့ရ

နယ်ပယ်သစ်သို့ စတင်ခြေချသူတိုင်းအတွက် အခက်အခဲဆိုသည်က ရှိတတ်စမြဲပင်ဖြစ်သည်။ လက်ဝှေ့၊ ဝူရှူးတို့ကို ကျွမ်းကျွမ်းကျင် ကျင်အသုံးချတတ်သော်လည်း ကိုယ်ခံပညာရပ်ပေါင်းစုံအသုံးပြုနိုင်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို နဖူးတွေ့ဒူးတွေ့ယှဉ် ပြိုင်ရချိန်တွင်တော့ Gaol အတွက် အခက်အခဲများစွာရှိခဲ့သည်။ အထူးသဖြင့် မြေပြင်ချုပ်ကွက်ပိုင်းတွင်ဖြစ်သည်။ ONE နှင့်စာချုပ်သည့် ၂၀၁၇ ခုနှစ်အတွင်း ပြိုင်ပွဲ ၂ ပွဲယှဉ်ပြိုင်ခဲ့သော်လည်း ပွဲတိုင်းရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း ပြင်းပြသည့်စိတ်ဆန္ဒကြောင့် စိတ်ဓာတ်ကျဆင်းမသွားဘဲ နိုင်ပွဲရှာဖွေနိုင်ရေးအတွက် အားနည်းချက်များအားရှာဖွေကာ အကောင်းဆုံး ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ပွဲများရရှိလာပြီး လက်ရှိအ ချိန်အထိ ONE ၁၀ ပွဲယှဉ်ပြိုင်ထားရာတွင် ၆ ပွဲနိုင်၊ ၄ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။

အားနည်းချက်ကို ပြောင်းပြန်လှန်

အစောပိုင်းတွင် မြေပြင်ချုပ်ကွက်ပိုင်းကို မဟာဗျူဟာကျကျ ကျွမ်းကျွမ်းကျင်ကျင် အသုံးမချတတ်သောကြောင့် ရှုံးပွဲများနှင့်ကြုံတွေ့ခဲ့ရ သော်လည်း နောက်ပိုင်း၌ ဆရာကောင်း၊ လေ့ကျင့်ဖက်ကောင်းများကြောင့် မြေပြင်ချုပ်ကွက်ပိုင်းတွင်ပါ ထူးချွန်လာခဲ့ပြီး နောက် နိုင်ပွဲများရရှိလာခဲ့ခြင်းဖြစ်သည်။ Gaol ၏ နိုင်ပွဲများကိုကြည့်လျှင် အမှတ်ဖြင့်အနိုင်ရသည်က ၃ ပွဲ၊ လက်သီးထိုးချက်များ ဖြင့်အနိုင်ရ သည်က ၁ ပွဲ၊ မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ရသည်က ၂ ပွဲရှိသည်ကို တွေ့နိုင်သည်။

ဒိုင်လူကြီးများ၏ အမှတ်ပေးသတ်မှတ်ချက်ဖြင့် အနိုင်ရသော ၃ ပွဲတွင်လည်း ပြိုင်ဘက်များထက် မြေပြင်ချုပ်ကွက်နည်းဗျူကို ကျွမ်းကျင် ပိုင်နိုင်စွာအသုံးချတတ်မှုကြောင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ Gaol သည် ယခင်က ၎င်း၏အားနည်းချက်ဟု ဆိုနိုင်သော မြေပြင်ချုပ်ကွက်နည်းဗျူဟာကို ကြိုးစားအားထုတ်ပြီး အားသာချက်ဖြစ်အောင် ပြောင်းပြန်လှန်နိုင်ခဲ့သည်။ အင်ဒိုနီးရှားမီဒီယာများက ၎င်းကို တင်စားလေ့ရှိသည့်အသုံးအနှုန်း တစ်ခုရှိသည်။ ထိုအသုံးအနှုန်းက “အင်ဒိုနီးရှား အားကစားသမားများအနက် ပင်ပန်းနွမ်းနယ်မှု မရှိဆုံး သောအားကစားသမား” ဆိုသော စကားလုံးပင်ဖြစ်သည်။

ထိုသို့ဖြစ်လာအောင်လည်း Gaol မှာ လေ့ကျင့်ရေးတိုင်းတွင် မခိုမကပ်ဘဲ ကြိုးစားလေ့ကျင့်ခဲ့သည်။ ပြိုင်ပွဲတိုင်းတွင် မောပန်းနွမ်းနယ်နေ သည့်ပုံစံမျိုး မတွေ့ရဘဲ အချိန်တိုင်း တက်တက်ကြွကြွယှဉ်ပြိုင်လေ့ရှိသည့် Gaol အတွက် မွေးရပ်မြေတွင် အန်တိုနီယာနှင့် ရင်ဆိုင်ရမည့် တွဲဆိုင်းက စိတ်လှုပ်ရှားစရာကောင်းသည်။ ၂၀၁၉ ခုနှစ်အတွင်း ၁ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသော ၎င်းအတွက် နိုင်ပွဲရှာဖွေ နိုင်ပါက ကမ္ဘာ့ချန်ပီယံဖြစ်ရေး ရည်မှန်းထားသောပန်းတိုင်သို့ ခြေတစ်လှမ်း ထပ်တိုးလှမ်းနိုင်ခြင်းလည်း ဖြစ်လာပေလိမ့်မည်။

ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required