ဘိုလီးဗီးယားမှာ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား ပဋိပက္ခဖြစ်

ဘိုလီးဗီးယားမှာ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား ပဋိပက္ခဖြစ်

ဆူခရေး၊အောက်တိုဘာ ၂၄ ။                  ။ ဘိုလီးဗီးယားနိုင်ငံ ကျင်းပပြီးစီးတဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အီဗိုမိုရေးဟာ ပထမအသုတ်မှာ အနိုင်ရနေကြောင်း မဲရလဒ် တစ်စိတ်တစ်ဒေသအရ သိရပြီးနောက် ဆူပူကန့်ကွက်မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

အစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားသလို ဆူပူဆန္ဒပြမှုတွေကြားမှာ ရဲတပ်ဖွဲ့တွေနဲ့ပါ ထိပ်တိုက်တွေ့ကြပါတယ်။

အတိုက်အခံတွေဟာ ဗုဒ္ဓဟူးနေ့မှာ အထွေထွေသပိတ်ကို ဆင်နွှဲပြီး အငြင်းပွားဖွယ် မဲရလဒ်နဲ့ ပတ်သက်ပြီး အနှောင့်အယှက်ပေး ဆူပူကြပါတယ်။

ခုလို မငြိမ်သက်မှုတွေ ဖြစ်ပွားပေါ်ပေါက်တာဟာ လက်ယာယိမ်းပါတီတွေရဲ့ အာဏာသိမ်းရန် ကြံစည်မှုပဲလို့ သမ္မတ မိုရေးက ပြောပါတယ်။

သူ့အနေနဲ့ ဒီမိုကရေစီကို ကာကွယ်ပေးပြီး တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ လုံးလုံးလျားလျား အနိုင်ရသူကို ဒုတိယအသုတ် ယှဉ်ပြိုင်စရာ မလိုဘဲ ယုံကြည်ချက်ရှိရှိနဲ့ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ မိုရေးရဲ့ အတိုက်အခံပြိုင်ဖက် ကားလို့စ်မီဆာကတော့ ရွေးကောက်ပွဲကို လိမ်လည်ပြီး တတိယမြောက်သက်တမ်း အာဏာရယူမယ့် မိုရေးကို ဆန့်ကျင်ပြီး ဆန္ဒပြကြဖို့ ထောက်ခံသူတွေကို ဆော်သြလျက် ရှိနေပါတယ်။

နိုင်ငံရဲ့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ဒုတိယအသုတ် ယှဉ်ပြိုင်မှု လုပ်ဆောင်သင့်တယ်လို့ အသိအမှတ်မပြုမချင်း လမ်းပေါ်ထွက် ဆန္ဒပြသွားရမှာဖြစ်ကြောင်း ကားလို့စ်က ၎င်းရဲ့ ထောက်ခံသူတွေကို တိုက်တွန်းပြောဆိုထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly