ဘော်ရစ်ဂျွန်ဆင်ရဲ့ ဘရစ်ဇစ် အစီအစဉ်ကို လွှတ်တော်အမတ်များ သဘောတူပေမယ့် အသေးစိတ်အတွက် အချိန်ပိုယူလို

ဘော်ရစ်ဂျွန်ဆင်ရဲ့ ဘရစ်ဇစ် အစီအစဉ်ကို လွှတ်တော်အမတ်များ သဘောတူပေမယ့် အသေးစိတ်အတွက် အချိန်ပိုယူလို

လန်ဒန်၊ အောက်တိုဘာ ၂၃ ။       ။   ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ဟာ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မှုနဲ့ ပတ်သက်တဲ့ ၎င်းရဲ့ ဘရစ်ဇစ်သဘောတူညီချက် အစီအစဉ်ကို လွှတ်တော်ရဲ့ ထောက်ခံမှုရအောင် အင်္ဂါနေ့မှာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကွန်ဆာဗေးတစ်ခေါင်းဆောင် ဘော်ရစ်ဂျွန်ဆင်ရဲ့ ဘရစ်ဇစ်အစီအစဉ်ကို သုံးရက်အတွင်း လိုအပ်တဲ့ ဥပဒေပြုမှုနဲ့ အတည်ပြုလိုတဲ့ အစီအစဉ်ကိုတော့ လွှတ်တော်က ပယ်ချပါတယ်။
ဘော်ရစ်ဂျွန်ဆင်ရဲ့ ဘရစ်ဇစ်အစီအစဉ်ကို အောက်လွှတ်တော်မှာ ကွန်ဆာဗေးတစ်ပါတီအပြင် အတိုက်အခံ လေဘာပါတီက ပြိုင်ဖက်အမတ် ၁၉ ဦးကပါ ထောက်ခံမဲပေးပြီး ထောက်ခံမဲ ၃၂၉ မဲ၊ ကန့်ကွက်မဲ ၂၉၉ မဲနဲ့ ၃၀ မဲအသာနဲ့ သဘောတူလိုက်တာပါ။

ဒါပေမယ့် ဂျွန်ဆင်ရဲ့ တောင်းဆိုမှုကြောင့် တနင်္လာနေ့ ညနေပိုင်းမှာ အစိုးရက ထုတ်ပြန်ထားတဲ့ စာမျက်နှာ ၁၁၀ မျက်နှာပါ ဘရစ်ဇစ် အစီအစဉ်တစ်ရပ်လုံးကို သုံးရက်အတွင်း သဘောတူပြီး ရှေ့ဆက် ထိုအစီအစဉ်အတိုင်း လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ လွှတ်တော်အမတ်တွေက ငြင်းပယ်ချတာ ဖြစ်ပါတယ်။

ခုလို ပယ်ချခံရတာကြောင့် ဝန်ကြီးချုပ်အနေနဲ့ အကြိမ်ကြိမ် ကတိပေးထားတဲ့ အောက်တိုဘာ ၃၁ ရက်မှာ အီးယူကနေ ဗြိတိန်နုတ်ထွက်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပျက်ပြယ်စေတေ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် ဂျွန်ဆင်ကတော့ ကိုးရက်အတွင်းမှာ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ် ဖြစ်လာဖို့အရေး ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး အီးယူကနေ ဗြိတိန် နုတ်ထွက်ရမယ့် သတ်မှတ်ရက်ကို နောက်သုံးလ ထပ်တိုးပြီး ဇန်နဝါရီ ၃၁ ရက်အထိ ဆိုင်းငံ့ပေးဖို့ ဗြိတိန်ဖက်က တောင်းဆိုထားချက်ကို အီးယူက ခုချိန်ထိ တုံ့ပြန်သေးခြင်း မရှိကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly