စပါးအခြေခံသတ်မှတ်စျေးနှုန်းအောက် ရောက်ပါက သတ်မှတ်စျေးရရန် တိုင်းနှင့်ပြည်နယ် အစိုးရ များက တင်ပြရမည်

စပါးအခြေခံသတ်မှတ်စျေးနှုန်းအောက် ရောက်ပါက သတ်မှတ်စျေးရရန် တိုင်းနှင့်ပြည်နယ် အစိုးရ များက တင်ပြရမည်
photo - Thet AUNG / AFP

ရန်ကုန်။ အောက်တိုဘာ ၂၃ ။                     ။ စပါးစျေး အခြေခံသတ်မှတ်စျေးအောက်ရောက်ပါက သတ်မှတ်စျေးနှုန်းဖြင့် ဝယ်ယူပေးရေးအတွက်  ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများက လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့သို့တင်ပြရန်လိုအပ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။

“လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကတောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကိုတင်ပြပြီးဝယ်ယူဖို့ငွေကြေးထုတ်ပေးရမှာပါ။ ကျွန်တော်တို့ အခု ဆိုရင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့က အချို့တင်ပြတာရှိတယ်။ ရန်ကုန်တိုင်းက တင်ပြထားခြင်းမရှိလို့ ဝန်ကြီးချုပ်နဲ့သွားတွေ့ထားပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရတွေက တင်ပြထားမှဝယ်ယူဖို့ ဗဟိုအဖွဲ့ကနေ ခွင့်ပြုမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး က ဆိုသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် နိုင်ငံတော်အစိုးရက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ ငယ်များဖြင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များကို ဖွဲ့စည်းပေးထားပြီး၊ အခြေခံရည်ညွှန်းစျေးနှင့် ရောင်းချရန် အခက်အခဲရှိနေသော နေရာဒေသများတွင် ဝယ်ယူပေးသွားမည်ဟု သိရသည်။အဆိုပါ အစီအစဉ် အတွက်  အစိုးရမှ ရန်ပုံငွေ ကျပ် ၁၅ဘီလီယံ သုံးစွဲသွားမည်ဖြစ်သည်။

ထို့အပြင် ဝယ်ယူရေးလုပ်ငန်းစဉ်များ မှန်ကန်စေရေးအတွက်  အစိုးရ၊ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်ရေးကော်မတီများကို မြို့နယ်တိုင်းတွင် ဖွဲ့စည်းပေးထားကြောင်း သိရသည်။

“အခုလည်း တစ်ချို့နေရာတွေမှာ ဝယ်ဖို့လိုအပ်နေတဲ့အတွက် ကျွန်တော်တို့ကတွန်းတွန်းတိုက် တိုက်နဲ့တင်ပြဆွေးနွေးနေပါတယ်။သို့သော် တင်ပြတဲ့ဟာတွေက ခုချိန်ထိအရန်သင့် မဖြစ်သေးဘူး။ တစ်ကယ့်လက်တွေ့ဖော်ဆောင်ဖို့တော့ ကျွန်တော်တို့က တွန်းအားပေးနေတယ်”ဟု ဦးအောင်သန်းဦးက ပြောသည်။

၂၀၁၉ မိုးစပါးနှင့် ၂၀၂၀ နွေစပါးရာသီအတွက် စပါးတင်း ၁၀၀လျှင် ကျပ် ၅ သိန်းနှုန်းဖြင့်ဝယ်ယူရန် ဒုတိယသမ္မတ-၂ ဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင်သတ်မှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly