အောင်ကြီးဟာ ဗစ်တိုးရီးယားကို လိင်အကြမ်းဖက်မှု လုံးဝ မလုပ်ခဲ့ဟု Wisdom Hill ဆရာမတစ်ဦး ထွက်ဆို

အောင်ကြီးဟာ ဗစ်တိုးရီးယားကို လိင်အကြမ်းဖက်မှု လုံးဝ မလုပ်ခဲ့ဟု Wisdom Hill ဆရာမတစ်ဦး ထွက်ဆို
ဗစ်တိုးရီးယားအမှု တရားမျှတမှုရေးအတွက် ဝန်းရံသူတစ်ဦးအား ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ သံသယတရားခံ အောင်ကြီး(ခ)အောင်ကျော်မျိုးသည် ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်) တက်ရောက်ခဲ့သည့် Wisdom Hill မူကြိုကျောင်း ဇ-၁၄ အဆောင်တွင် လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့ခြင်း လုံးဝမရှိဟု Wisdom Hill မူကြိုကျောင်း၏ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နီလာအေးက  အောက်တိုဘာ ၂၃ရက် တရားခွင်တွင် ထွက်ဆိုသွားသည်။

တရားလိုပြသက်သေတစ်ဦးဖြစ်သူ ဆရာမ ဒေါ်နီလာအေးက သံသယတရားခံ အောင်ကြီး၏ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင် မေးမြန်းသည့် ပြန်လှန်မေးခွန်း များစွာထဲမှ နောက်ဆုံးမေးခွန်းတွင် ဒက္ခိဏသီရိခရိုင်တရားခွင်အတွင်း ထွက်ဆိုသွားခြင်း ဖြစ်သည်။

ဇ-၁၄ အဆောင်တွင် အောင်ကြီးသည် (ဗစ်တိုးရီးယား)အား လိင်အကြမ်းဖက်မှု လုံးဝပြုလုပ်ခဲ့ခြင်း မရှိဆိုလျှင် “မှန်ပါသည်” ဟု ဒေါ်နီလာအေးက ထွက်ဆိုခဲ့သည်။

ထိုသို့ ထွက်ဆိုပြီးနောက် ဥပဒေအရာရှိက မည်သည့်အတွက်ကြောင့် ထိုသို့ ထွက်ဆိုခဲ့သနည်းဟု ဆက်လက် မေးမြန်းရာ “ကလေးမှာ ကျွန်မနှင့် ကျွန်မ မရှိလျှင် အခြားဆရာမ ရှိနေသည့်အတွက် ကလေးမှာ လုံခြုံမှု ရှိပါသည်” ဟုလည်း ဒေါ်နီလာအေးက ထွက်ဆိုသွားသည်။

စီစီတီတီ(CCTV) မှတ်တမ်းအရ အောင်ကြီးသည် အခင်းဖြစ် မေလ ၁၆ရက်က ဇ-၁၄ အဆောင်သို့ ရောက်ရှိလာသည့် ညနေ ၃နာရီ ၁၂မိနစ်မှ ကျောင်းတံခါးဆက်တိုက်ဖွင့်ထားသည့် ၃နာရီ ၃၂မိနစ်အထိ ဆိုဖာခုံပေါ်တွင် မူလအတိုင်း ထိုင်နေကြောင်း၊ ၎င်းသည် အင်္ကျီအဖြူ ဝတ်ထားသောကြောင့် ကျောင်းမှန်တံခါး ပိတ်ထားသော်လည်း ဆိုဖာပေါ်တွင် ထိုင်နေသည့် အောင်ကြီး၏ ပုံသဏ္ဌာန်ကို ရေးရေး မြင်နေရကြောင်းလည်း အဆိုပါ ဆရာမက တရားခွင်အတွင်း ပြောဆိုသည်။

တရားခွင်ကို မွန်းလွဲ ၂နာရီတွင် နာရီဝက်ခန့် ရပ်နားထားပြီး ဒုတိယပိုင်း တရားခွင်ကို ၂နာရီ၊ ၃၀မိနစ်တွင် ပြန်လည် စတင်မည် ဖြစ်သည်။

တရားခွင် ဒုတိယပိုင်းတွင် အောင်ကြီးအား အာမခံပေး၊ မပေး နှစ်ပါးထိုင် တရားသူကြီးနှစ်ဦးက ဆုံးဖြတ်ရန် ရှိနေကြောင်းနှင့် တရားခွင်အတွင်း ကိုယ်တိုင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက် သတင်းပေးပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required