ရန်ကုန်၊ အောက်တိုဘာ ၂၃။ ။ လေးနှစ်ကြာခဲ့ပြီးဖြစ်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အကျပ်အတည်းများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု NCA-S EAO UPDJC အဖွဲ့ ခေါင်းဆောင်၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးကြီး စိုင်းငင်းပြောသည်။
အောက်တိုဘာလ (၂၃) ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ (၂၈) ကြိမ် မြောက် NCA-S EAO UPDJC အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ လေးနှစ်တင်းတင်း ပြည့်ပြီဖြစ်တဲ့ NCA ရဲ့အောင်မြင်မှု၊ စိန်ခေါ်မှုနဲ့ အခက်အခဲ အကျပ်အတည်း များကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းပြောသည်။
ထို့အပြင် ယခုအစည်းအဝေးတွင် ရှေ့မတိုးသာဖြစ်နေသည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စေ့စေ့စုံစုံသုံးသပ်ရမည်ဖြစ်သည့်အပြင် တိုက်ပွဲများရပ်တန့်နိုင်ရေးကိုလည်း ဝိုင်းဝန်း နည်းလမ်းရှာရမည်ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ UPDJC သည် NCA စာချုပ်အကောင်အထည် ဖော်ရေးတွင် အဓိကျသည့် ယန္တရားတစ်ခုဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် UPDJC ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကြီးကြပ် လမ်းညွှန်မှု၊ သမာသမတ်ကျမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အပေါ်တွင် အများကြီး မူတည်နေသည် ဟုလည်း NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင်ကပြောသည်။
ထို့ကြောင့်အောက်တိုဘာ ၂၈ တွင်ကျင်းပမည့် NCA လေးနှစ်ပြည့် အခမ်းအနားအလွန် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးများအတွက် ဆွေးနွေးကြမည်ဟုလည်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/