ဆီးရီးယားကနေ တပ်ရုပ်သိမ်းသွားတဲ့ အမေရိကန်တပ်တွေကို ကာ့ဒ်တွေက အာလူးတွေနဲ့ ပစ်ပေါက်

ဆီးရီးယားကနေ တပ်ရုပ်သိမ်းသွားတဲ့ အမေရိကန်တပ်တွေကို ကာ့ဒ်တွေက အာလူးတွေနဲ့ ပစ်ပေါက်

ဒမတ်စကပ်၊ အောက်တိုဘာ ၂၂ ။       ။ ဆီးရီးယားမြောက်ပိုင်း ကာမီရှာလီမြို့က ကာ့ဒ်လူမျိုးစုတွေဟာ ဒေသကနေ တပ်တွေရုပ်သိမ်းသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အားလူးတွေနဲ့ ပစ်ပေါက်ကြပြီး ကန့်ကွက်ဆန္ဒပြကြပါတယ်။

စစ်ပွဲဒဏ်သင့် ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပြီးနောက်မှာ အိုင်အက်စ်တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီနိုင်ငံက ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားရပါတယ်။

တူရကီနိုင်ငံဟာ ကာ့ဒ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်ပြီး ၎င်းရဲ့ နယ်စပ် ဆီးရီးယားမြောက်ပိုင်းမှာ ဘေးကင်းဇုန် တည်ထောင်ထားလိုပြီး အမေရိကန်တပ်တွေ ရုပ်သိမ်းတယ်ဆိုတာနဲ့ ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ တူရကီဟာ အဲဒီဒေသကနေ ကာ့ဒ်တပ်ဖွဲ့တွေ ထွက်ခွာသွားရေး ငါးရက်တာ အပစ်ရပ်ထားခဲ့ပါတယ်။

တပ်တွေ ရုပ်သိမ်းသွားတဲ့ အမေရိကန် သံချပ်ကာကား ဒါဇင်များစွာဟာ တနင်္လာနေ့မှာ ဆီးရီးယားကနေ အီရတ်ကာဒစ္စတန်နယ်ထဲကို ဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ဆီးရီးယားက အခြားအခြေစိုက်စခန်း သုံးခုက အမေရိကန်တပ်တွေ ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေး မဟာမိတ်ညွန့်ပေါင်းတပ်စုရဲ့ အစိတ်အပိုင်းအဖြစ် အီရတ်နိုင်ငံမှာ လက်ရှိ တပ်အင်အား ၅၂၀၀ ကို ဖြန့်ကြက်ထားတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required