ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခုဖွဲ့စည်းရန်စီစဉ်နေ

ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခုဖွဲ့စည်းရန်စီစဉ်နေ

ရန်ကုန်။ ။ အောက်တိုဘာ ၂၂။              ။ ဆန်စက်လုပ်ငန်းရှင်များပါဝင်သည့် အများပိုင်ကုမွဏီတစ်ခုဖွဲ့စည်းသွားရန် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါကိစ္စအတွက် အကောင်အထည်ဖော်ရာတွင် ယခင်က ရှိထားပြီးဖြစ်သော ကုမ္ပဏီတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံဆန်စက်အသင်းကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း သွားမည်ဟု သိရသည်။

“အများပိုင်ကုမ္ပဏီဖွဲ့ရခြင်းရဲ့ရည်ရွယ်ချက်ကဆန်စက်သမားတွေက ဟိုတစ်စုဒီတစ်စုနဲ့ရောင်းဝယ်တဲ့ နေရာမှာ စုစုစည်းစည်းမရှိကြဘူးပေါ့။ ဝယ်ချင်တဲ့သူကများဝယ်ချင်တယ်ဆိုရင်လည်း ဝယ်လို့မရဘူး။

စျေးကလည်းသူတစ်မျိုး၊ ငါတစ်မျိုးတွေဖြစ်နေတယ်။ နောက်ပြီးခုနောက်ပိုင်းကဆန်စပါးကဏ္ဍမှာ နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီကုမ္ပဏီတွေကကျွန်တော်တို့ကို ကျော်လွှားသွားရင် ပြည်တွင်းဆန်စက်တွေ ယှဉ်ပြိုင်နိုင်စွမ်းမရှိတာမျိုး မဖြစ်အောင် စုစုစည်းစည်း ဆောင်ရွက်ဖို့ပါ” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ဝင်းကဆိုသည်။

ပြည်တွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း အချိတ်အဆက်မိမိဖြင့် စနစ်တကျ ရောင်းဝယ်ဖောက်ကားနိုင်ရန်နှင့် ပြည်တွင်းဆန်စပါး ကဏ္ဍသို့လာရောက် ရင်းနှီးမြှုပ်နှံနေကြသော နိုင်ငံခြားကုမ္ပဏီများ ကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းသွားမည့်အများပိုင်ကုမ္ပဏီသည် နယ်မြို့များရှိဆန်စက်ပိုင်များအတွက် စျေးကွက် ရှာပေးခြင်း၊ ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

“အများပိုင်ကုမ္ပဏီဖွဲ့စည်းမယ်ဆိုတာ ခုမှသိတာပါ၊ ဒါပေမယ့် ကောင်းပါတယ်။ လုပ်ငန်းရှင် အကြီးစား၊ အလတ်စား၊ အသေးစား အားလုံးတွဲခေါ်တာ ဖြစ်တဲ့အတွက် ဝမ်းသာစရာပါ၊ ကျွန်တော်တို့ စိတ်ဝင် စားပါတယ်” လို့ မတ္တရာမြို့နယ်မှ စက်ပိုင်တောင်သူ ဦညီညီကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆန်စက်အကြီး၊အသေးစုစုပေါင်း သုံးသောင်းကျော်ထိရှိပြီး အသင်းဝင်ထား သည့်ဆန်စက် အရေအတွက်မှာ တစ်သောင်းကျော်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်းကသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required