သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

ရေးသားသူ Dr. Yee Mon Lwin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံး ရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။

ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။
၁။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် စစ်ဆေးမယ်။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အိပ်ဂျ်အိုင်ဗီပိုး၊ ကာလသားရောဂါ စသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ် ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။
၂။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်။
(က)အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး

အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ ဘီပိုးကို ခုခံနိုင်တဲ့ အန်တီဘော်ဒီလို့ခေါ်တဲ့ ပဋ္ဋိပစ္စည်းတွေ သွေးထဲမှာ အလုံအလောက် ရှိမရှိကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး လိုအပ်ရင် အပြည့်ပြန်ထိုးရပါမယ်။
(ခ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကြီးရှိတဲ့ထဲကမှ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကတရားခံ အိပ်ဂျ်ပီဗီဗိုင်းရပ်စ် ၁၆ နဲ့ ၁၈ (Human Papilloma Virus Type 16 and 18) ကို ကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
၃။ သင့်တော်တဲ့သားဆက်ခြားနည်းကိုရွေးချယ်မယ်။

နှစ်ဦးနှစ်ဖက် သဘောတူတဲ့ မိသားစုစီမံကိန်းဟာလည်း အိမ်ထောင်ရေးတစ်ခုမှာ အရေးကြီးပါတယ်။ ကလေးလိုချင်တာလား၊ မလိုချင်တာလား၊ ကလေးကို ဘယ်အချိန်မှစယူမှာလဲ စသဖြင့် မေးခွန်းတွေကို လက်မထပ်ခင် တိုင်ပင်ထားသင့်ပါတယ်။ ကလေးမယူသေးဘူးဆိုရင်လည်း ရေတိုတားဆေး သုံးမှာလား ရေရှည်တားမှာလား၊ ဘယ်လိုတားဆေးသုံးမှာလဲ၊ တားဆေးသုံးရင်ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုး စသဖြင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သတို့သမီးလောင်းတွေအနေနဲ့ ကိုယ်နဲ့သင့်တော်ရာ ရွေးချယ်သင့်ပါတယ်။

နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်ကျန်းမာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်စေဖို့အတွက် ဒီအခြေခံကျန်းမာရေး စစ်ဆေးတာတွေ၊ ကာကွယ်ဆေးတွေဟာ အရမ်းအရေးကြီးပါတယ်။ မင်္ဂလာဆောင်တစ်ခုအတွက် ပြင်ဆင်တဲ့ဆိုတာလွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် မင်္ဂလာဆောင်အတွက် လုံးပန်းရင်း ဒီအချက်တွေကို အလွယ်တကူ မေ့လျော့သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီဆောင်ပါးလေးကိုနေ သတိပေးတိုက်တွန်းရင်း သတို့သား၊သတို့သမီးလောင်းလေးတွေ သာယာချမ်းမြေ့စွာ ရွှေလက်တွဲတွေ မြဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly