မိုဒရစ်နဲ့ နေမာတို့ မပါဝင်တဲ့ ၂၀၁၉ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်း

မိုဒရစ်နဲ့ နေမာတို့ မပါဝင်တဲ့ ၂၀၁၉ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်း

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၁၉ ခုနှစ် ဘလွန်းဒီအော်ဆု (Ballon d'Or)အတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာမှာတော့ လက်ရှိဆုပိုင်ရှင် လူကာ မိုဒရစ်နဲ့ ကမ္ဘာ့စျေးအကြီးဆုံးကစားသမား နေမာတို့ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ခရိုအေးရှာအသင်းကို ကမ္ဘာ့ဖလားဗိုလ်ပွဲထိ ပို့ဆောင်ပေးတဲ့ မိုဒရစ်ဟာ ဘလွန်းဒီအော်ဆုကို (၁၁)ကြာ လွှမ်းမိုးထားတဲ့ ရော်နယ်လ်ဒို-မက်ဆီတို့ကို ချိုးဖျက်ပြီး ပြီးခဲ့နှစ်က ဒီဆုကို ရယူခဲ့သူဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပြင်သစ်ကလပ်ကို ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နေမာကလည်း ပြီးခဲ့တဲ့ တစ်နှစ်လုံး ဒဏ်ရာပြဿနာ၊ ပွဲပယ်၊ ကလပ်နဲ့ နိုင်ငံနှစ်ခုစလုံးမှာ အငြင်းပွားဖွယ်ရာတွေနဲ့ ဖြတ်သန်းပြီးနောက် ဆန်ခါတင် (၃၀)ဦးစာရင်းထဲ ပါဝင်လာနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယခုနှစ် ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် (၃၀)ဦးစာရင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား (၇)ဦးအထိ အများဆုံးပါဝင်တဲ့အသင်းဖြစ်ပြီး မန်စီးတီးက (၅)ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

လီဗာပူးလ်ကစားသမား (၇)ဦးထဲက အသက် (၂၈)နှစ်အရွယ် ဗန်ဒိုက်က နောက်ခံလူတွေထဲမှာ ရှားရှားပါးပါး ဒီဆုကို ရရှိဖို့ ရေးပန်းအစားဆုံးဖြစ်လာနိုင်ပါတယ်။

ဘလွန်းဒီအော်ဆုကို ၁၉၅၆ ခုနှစ်က စတင်ခဲ့တဲ့နောက်ပိုင်း နောက်တန်းကစားသမား (၄)ဦးသာရရှိထားပြီး ၂၀၀၆ ခုနှစ်မှာ ကန်နာဗာရိုက နောက်ဆုံးဆွတ်ခူးခဲ့တဲ့ နောက်ခံကစားသမားဖြစ်ခဲ့ပါတယ်။

အရင်က ဘလွန်းဒီအော်ဆုတမျိုးတည်းကိုသာ ချီးမြှင့်ခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှစလို့ အမျိုးသမီးဘောလုံးသမားအတွက် Ballon d'Or Feminin ဆုကို စတင်ချီးမြှင့်ခဲ့သလို အသက် (၂၁)အောက် လူငယ်ကစားသမားများအတွက် Kopa Trophy ဆုကိုလည်း ချီးမြှင့်ခဲ့ပါတယ်။

ဒါ့ပြင်ယခုနှစ်မှာ ထပ်တိုးဆုအဖြစ် အကောင်းဆုံးဂိုးသမားကို ရွေးချယ်ပြီး Yachine Trophy ဆု ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဘလွန်းဒီအော်ဆုကို (၆၄)ကြိမ်မြောက်အဖြစ် ချီးမြှင့်သွားမှာဖြစ်ပြီး မတူညီတဲ့ နိုင်ငံတွေက ဂျာနယ်လစ်အယောက် (၁၈၀)အပါအဝင် မဲပေးမှုတွေ ပြုလုပ်အပြီးမှာတော့ ဒီဇင်ဘာ (၂)ရက်နေ့မှာ ပဲရစ်မြို့မှာ ပြုလုပ်မယ့် အခမ်းအနားမှာ ဆုရရှိသူတွေကို ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် (၃၀)ဦးစာရင်း

ဗန်ဒိုက်၊ ဖေမီနို အယ်လစ်ဆန်၊ ဝိုင်နယ်လ်ဒမ်း၊ အာနိုးလ်၊ မာနေ၊ ဆာလာ (လီဗာပူးလ်)၊ ဘာနာဒိုဆေးလ်ဗား၊ အဂွဲရိုး၊ မာရက်ဇ်၊ ဒီဘရိုင်းနား၊ စတာလင် (မန်စီးတီး)၊ ဆွန်ဟောင်မင်၊ လိုရစ် (စပါး)၊ လီဝန်ဒေါစကီး (ဘိုင်ယန်)၊ ဒီလစ်၊ ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)၊ ဘန်ဇီမာ၊ ဟာဇက်၊ (ရီးယဲလ်)၊ ဒီယွန်း၊ စတီဂန်၊ မက်ဆီ၊ ဂရီးဇ်မန်း (ဘာစီလိုနာ)၊ တာဒစ်၊ ဗန်ဒီဘိခ် (အေဂျက်စ်)၊ အမ်ဘာပေ၊ မာတင်တို့စ် (ပီအက်စ်ဂျီ)၊ အူဘာမီယန်း (အာဆင်နယ်)၊ ကူလီဘလီ (နာပိုလီ)၊ ယာအိုဖီးလစ် (အက်သလက်တီကို)

အသက် (၂၁)နှစ်အောက် လူငယ်ကစားသမားဆု Kopa Trophy အတွက် ဆန်ခါတင် (၁၀)ဦးစာရင်း

ဒီလစ် (ဂျူဗင်တပ်စ်)၊ ဗင်နီစီယပ်စ် (ရီးယဲလ်)၊ ဟာဗတ် (လေဗာကူဆင်)၊ ဂန်ဒူဇီ (အာဆင်နယ်)၊ လူနင်း (ဗယ်လာဒိုလစ်)၊ ယာအိုဖီးလစ် (အက်သလက်တီကို)၊ ဆန်ချို (ဒေါ့မွန်)၊ မွိုက်စ်ကိန်း (အဲဗာတန်)၊ ချူကူဇီ (ဗီလာရီးယဲလ်)၊ လီကန်အင် (ဗလင်စီယာ)

အကောင်းဆုံးဂိုးသမားဆု Yachine Trophy အတွက် ဆန်ခါတင် (၁၀)ဦးစာရင်း

အယ်လစ်ဆန် (လီဗာပူးလ်)၊ နော်ယာ (ဘိုင်ယန်)၊ အီဒါဆန် (မန်စီးတီး)၊ အိုနာနာ (အေဂျက်စ်)၊ ဆဇက်စနီ (ဂျူဗင်တပ်စ်)၊ အိုဘလက်ခ် (အက်သလက်တီကို)၊ ကယ်ပါ (ချယ်လ်ဆီး)၊ ဟန်ဒါနိုဗစ် (အင်တာမီလန်)၊ လိုရစ် (စပါး)၊ စတီဂန် (ဘာစီလိုနာ)

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly