ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ လည်ပတ်နေခြင်းအား လုံးဝရပ်ဆိုင်းပေးရန် တောင်းဆို

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ လည်ပတ်နေခြင်းအား လုံးဝရပ်ဆိုင်းပေးရန် တောင်းဆို
Photo  - KESAN

ရန်ကုန် ၊ အောက်တိုဘာ ၂၂။           ။ ကရင်ပြည်နယ်အတွင်းရှိ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံလည်ပတ်နေခြင်းအား လုံးဝရပ်ဆိုင်း ပေးရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများ က တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၂၀ ရက်နေ့က ဘားအံမြို့နယ် ၊ ခွက်ကဘောင်ဟိုတယ်၌ ပြုလုပ်သော ပြည်နယ် အဆင့် ဌာနေတိုင်းရင်းသားများ၏ သဘာဝအရင်းအမြစ်နှင့် ဖယ်ဒရယ်စနစ် ဆွေးနွေးနှီးနှောဖလှယ်ပွဲ တွင်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
 

“ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး အသုံးပြုတဲ့နောက်ပိုင်း ဘိလပ်မြေစက်ရုံ အနီး တစ်ဝိုက်က ရွာတွေရေတွေမည်းကုန်တယ်။ ငါးတွေသေကုန်တယ်။  ပြည်နယ်ဝန်ကြီးချုပ်ကသွားပြီး အာမခံပေးနေတယ်။ ဒါပေမယ့်လက်တွေ့ ကျောက်မီးသွေးဆိုးကျိုးက လူတွေအတွက် အကျိုးမရှိဘဲ အန္တရာယ်ရှိတဲ့အရာတွေပဲ ဖြစ်နေတယ်။  ဒီအတွက် ကျောက်မီးသွေးသုံးတဲ့စက်ရုံတွေကို ဖျက်သိမ်းဖို့ တောင်းဆိုတယ်”ဟု ကရင်ပြည်နယ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ၊ တာဝန်ခံမှု ဖော်ဆောင်ရေး ဆိုင်ရာမဟာမိတ်အဖွဲ့ ( MATA )မှ စောကလူထောကပြောသည်။  

ဘားအံမြို့နယ်၊မြိုင်ကလေး အမှတ် (၂ ) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကြောင့် ဒေသခံများ၏ လူနေမှု ဘဝနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအေပါ် အိတ်ဖွင့်ပေးစာတစ်စောင်အား ကရင်ပြည်နယ် ဝန်ကြီး ချုပ်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ လူ့အခွင့်အရေးကော်မရှင်တို့ထံ လိပ်မူကာ လာမည့် တစ်ပတ်အတွင်းပေး ပို့မည်ဖြစ် ကြောင်း ကရင်ပြည်နယ်ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှု ဖော်ဆောင်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ( MATA ) မှသိရသည်။

“သယံဇာတနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုကန့်ကွက်ေနတာမဟုတ်ဘူးလေ။ အမှန်ဆိုရင် EIA လုပ်ရ မယ်။ဒေသခံတွေကို ဆွေးနွေးမယ်။ သဘောထားရယူမယ်ပြီးတော့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း စီမံခန့်ခွဲပြီး လုပ်ဆောင် မယ် ဆိုရင် ဒါကအဆင်ပြေကြမယ်။ အဓိက ကန့်ကွက်နေတာက အရင်လုပ်ထုံး လုပ်နည်းအတိုင်းအသိမပေးဘဲ သွားပြီး စီမံကိန်းကိုအကောင်အထည်ဖော်လိုက်တာပဲ။ အဓိက ဒေသခံသဘောဆန္ဒက အရမ်းအရေးကြီး ပါတယ်”  ဟု စောကလူထောကက  ဆက်ပြောသည်။

 အဆိုပါ‌ဆွေးနွေးပွဲသို့  အရပ်ဖက်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများ ၊ သဘာဝပတ်ဝန်းကျင် ပညာ ရှင်များ ၊ ဒေသခံများ အပါအဝင် စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံ၏ သဘာဝသ ယံဇာတ ပဋိပက္ခကို ဝိုင်းဝန်အဖြေရှာခြင်းနှင့်အဓွန့်ရှည်တည့်တံသော ငြိမ်းချမ်းရေး ကို တည်ဆောက်ရာတွင် သဘာဝအရင်းအမြစ်နှင့် ပတ်သက်ပြီး စီမံခန့်ခွဲပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို အပြည့်အဝလွှဲပြောင်းပေး သည့် ဖယ်ဒရယ်စနစ်ကို တည်ဆောက်နိုင်ရန် စသည်တို့ ဆွေးနွေးခဲ့သည်။

 “လက်ရှိတော့ရေနဲ့ပတ်သက်ပြီး သေချာသိအောင်ဓာတ်ခွဲစစ်ဆေးနေတုန်းပဲ။ဒီလိုမျိုးသယံဇာတ ထုတ်လုပ်တာက ပြည်သူ့လူထုက ဖွံ့ဖြိုးလာမယ်အစား ပိုပြီးဒုက္ခရောက်တာဖြစ်တယ်။ဥပမာ မြိုင်က လေးမှာ ဖြစ်တဲ့ပြဿနာ မျိုးဆိုရင်အစိုးရက ချက်ချင်း အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။သူ တာဝန် ရှိတယ်။ နောက်တစ်ခုက နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းတွေ ပြည်နယ်အဆင့်မှာလိုအပ်တယ်။အခုက စီမံကိန်းအတော်များများက ဗဟိုအစိုးရ ကဖြစ်နေတော့ပြည်နယ်မှလည်း ဘာမှမဆိုင်သလို ဖြစ်နေ တာကပြဿနာတစ်ခုပဲ။ကျွန်တော်တို့က  ဗဟိုလုပ်ပိုင်ခွင့်ကို လျော့ချစေချင်တယ်။လျော့ချဖို့ ပြည်သူ က ရွေးကောက်တင်မြှောက်တဲ့ အစိုးရကဥပဒေသတ်မှတ် ပြဋ္ဌာန်းပေးပြီးတော့ကာကွယ်ပေးသင့်တယ်” ဟု မြစ်ချောင်းများစောင့်ကြည့်လေ့လာရေးကွန်ယက် မှ စောသာဘိုး က ထောက်ပြပြောဆိုသည်။

 ထို့အပြင် ကရင်ပြည်နယ်အတွင်း သယံဇာထုတ်လုပ်သုံးစွဲမှု စီမံကိန်းများသည် ဒေသခံပြည်သူများ အားအကျိုးအမြတ်တစ်စုံတစ်ရာ မဖြစ်စေသည့်အပြင် စီမံကိန်းများကြောင့် ဒေသခံများ၏မြေယာ အခွင့်အရေးဆုံးရှုံးမှု ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုများ ၊ ဆိုးကျိုးသက်ရောက်မှုများ အပေါ် အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် ၊ သဘာဝ သယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုအား ဗဟိုထိန်းချုပ်မှုစနစ် လျော့ချရန် စသည့်အချက် ၅ ချက်ပါဝင်သော သဘောထား ကြေညာချက်တစ်စောင်ကိုလည်း အောက်တိုဘာ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“ ကျွန်မတို့ကတော့ ဘိလပ်မြေစက်ရုံကို ချက်ချင်းရပ်စေချင်တယ် ။ ဒီကျောက်မီးသွေးတွေကို ဖယ်ရှား ပေးပါ။ ကျောက်မီးသွေးစက်တွေ လည်ပတ်တာ လက်မခံနိုင်ဘူး။ အကုန်ဆိုရင်လေထု၊ရေထု၊မြေထု အကုန်ပျက်စီးကုန် ပြီ။ နှစ်ပေါင်းဘယ်လောက်ကြာအောင်ခံရမလဲဆိုတာ မပြောတတ်ဘူး။ဘာ လျော် ကြေးမှ မပေးဘူး။ နစ်နစ်ကြေးမရတဲ့အပြင် ကျွန်မတို့ ရွာရဲ့လမ်းတွေလုပ်မယ်။သူတို့ကေတာ့ရွာကို စည်းရုံးတာပေါ့။တစ်လကိုဘိလပ်မြေ ဘယ်လောက်ပေးမယ်။ရွာတွေလမ်းတွေကျောင်းတွေဆောက် ပါပြောတာပဲ။တစ်ပြားတစ်ချပ်မှ မရဖူးဘူး။အခုလက်ရှိ နေရာတွေမှာလမ်းတွေကိုကတ္တရာလမ်းတွေ လုပ်တယ်ဆိုတာ ကိုယ်ထူကိုယ်ထနဲ့လုပ်တာ။သူတို့ ရထားတာ တစ်ခုမှမရှိဘူး။ ရွာသူရွာသားတွေကို မြေသိမ်းယာသိမ်းလုပ်ထားပြီးတော့ ဘာလျော်ကြေးမှ မပါတဲ့အပြင် နိုင်ငံတော်ကိုလည်း အခွန်အခ သွင်းထားတာ မရှိဘူး။  အခုကျောက်မီးသွေးစက်ရုံဆိုတာ နိုင်ငံတော် ခွင့်ပြုချက်မရှိဘဲ သူတို့လုပ် နေတာ။ အခုရွာပေါင်း ၃၀ကျော်လောက်ခံနေရတယ်” ဟု လှာကာကျေးရွာမှ ဒေသခံမစိုးစိုးဌေး က ‌ပြောသည်။

မြိုင်ကလေး တန် ၄၀၀၀ဘိလပ်မြေစက်ရုံကို ၁၉၉၉ -၂၀၀၀ ပြည်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းမစတင်မီကတည်းက ရွာလေး၊ ကျွန်းတော ၊ ရေကျော် ၊ မန္တလေးကုန်းနှင့် ဇရပ်ဖြူ စသည့် ကျေးရွာ ၄ရွာ ပြောင်းရွှေ့ ခဲ့ ရကာ လယ်မြေဧကပေါင်း တစ်ထောင်ကျော်လည်း အသိမ်းခံရပြီး နစ်နာကြေး တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဒေသခံများအရ  ပြောဆိုချက်အရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required