ကမ်းနီးငါးဖမ်း ရေယာဉ်များတွင် VMS စနစ် တပ်ဆင်ရန် အခက်အခဲ ရှိနေဟုဆို

ကမ်းနီးငါးဖမ်း ရေယာဉ်များတွင် VMS စနစ် တပ်ဆင်ရန် အခက်အခဲ ရှိနေဟုဆို
 ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ (၂၂)။                ။ မြိတ်ဒေသရှိ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၌ တပ်ဆင်အသုံးပြုရမည့်စောင့်ကြည့်ကိရိယာ Vessel Monitoring System (VMS) စနစ်ကို ကမ်းနီးရေယာဉ်များတွင်တပ်ဆင်ရန် အခက်အခဲရှိနေသည်ဟု ကင်းမွန်မီးထွန်းလှေလုပ်ငန်းရှင်များ အသင်းကသိရသည်။
 

အဆိုပါ VMS စနစ်ကို ကမ်းနီးကင်းမွန်မီးထွန်းလှေများတွင် တပ်ဆင်ရန်အခက်အခဲရှိနေမှုအတွက် လုပ်ငန်းရှင်များ စုပေါင်းကာ အောက်တိုဘာလ ၂၁ ရက်က မြိတ်မြို့၊ သာကေတရပ်ကွက် သဲကွင်း လမ်းရှိ မြိတ်ခရိုင်ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 “ကျွန်တော်တို့ ဒေသခံကမ်းနီး ကင်းမွန်မီးထွန်းလှေက ကမ်းနီးမှာပဲ ဖမ်းဆီးတာ ဖြစ်လို့ ဒီ VMS စက်ကိရိယာကို တပ်ဆင်လိုက်ရင် ကမ်းနီးမှာ ဝင်ရောက်ဖမ်းဆီး နေတယ်ဆိုတဲ့ တည်နေရာ လှိုင်းနှုန်း အချက်ပြတွေကြောင့် ဖမ်းဆီးအရေးယူနိုင်တဲ့ သဘောသက်ရောက်မှုရှိနေတယ်”ဟု မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

အဆိုပါ VMS စနစ်ကို ကမ်းနီးတွင်ဝင်ရောက်ခိုးဆွဲနိုင်ခြင်း မရှိစေရန်အတွက် ရည်ရွယ်၍ ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင်တပ်ဆင်ရန် အစိုးရမှအကောင်အထည်ဖော်ခဲ့ခြင်းြဖစ်ပြီး၊ လက်တွေ့တွင်ယင်း စနစ်ကိုကမ်းနီးကမ်းဝေး ခွဲခြားသတ်မှတ်ထားခြင်း မရှိသေး၍ ကမ်းနီးလှေများတွင် တပ်ဆင် အသုံးပြု ပါက အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကင်းမွန် မီးထွန်လှေတွေက ကမ်းကိုအမှီပြုပြီး၊ လုပ်ကိုင်ရတဲ့ လှေဖြစ်လို့ ညဖက် အလုပ်လုပ်ပြီး၊ နေ့ဖက်မှာ ကမ်းနီးမှာဝင်ရောက်နားခိုတာဖြစ်လို့ ဒီ VMS စနစ်ကို တပ်ဆင်လိုက်ရင် ကမ်းနီးမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ စင်တာမှာ သွားပေါ်နေရင် အရေးယူခံရနိုင်ဖွယ် ရှိနေ တယ်”လို့ မြိတ်ခရိုင်ကင်းမွန်လှေ လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ ဦးထွန်းဗိုလ်က ပြောသည်။

အဆိုပါ စောင့်ကြည့်ကိရိယာ Vessel Monitoring System (VMS) စနစ်ကို ယခုလ အောက်တိုဘာ လ အကုန်တွင်ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံးတွင် တပ်ဆင်သုံးစွဲရန် ပြည်ထောင်စု ဝန်ကြီးရုံးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထား ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required