ရုပ်ဆင်သူ ရှစ်ဦးကို အခကြေးပေးပြီး စာမေးပွဲမှာ အစားထိုးဖြေခိုင်းတဲ့ အမျိုးသမီး လွှတ်တော်အမတ် ကျောင်းထုတ်ခံရ

ရုပ်ဆင်သူ ရှစ်ဦးကို အခကြေးပေးပြီး စာမေးပွဲမှာ အစားထိုးဖြေခိုင်းတဲ့ အမျိုးသမီး လွှတ်တော်အမတ် ကျောင်းထုတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဟာ စာမေးပွဲမှာ သူနဲ့ ရုပ်ဆင်တူသူ ရှစ်ဦးကို ငှားရမ်းပြီး အစားထိုးဖြေခိုင်းခဲ့တယ်ဆိုပြီး တက္ကသိုလ်က ထုတ်ပယ်ခံရပါတယ်။

အာဏာရ Awami League ပါတီက အမျိုးသမီးလွှတ်တော်အမတ် တာမန်နာနူဆာရတ်ဟာ သူနဲ့ ရုပ်တူသူတွေကို အခကြေးပေး ငှားရမ်းပြီး စာမေးပွဲ ၁၃ ခုကို အစားထိုးဖြေဆိုခိုင်းခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကရုပ်သံ Nagorik TV က စာမေးပွဲခန်းမအတွင်း ရိုက်ကူးရေး လုပ်ရာမှာ တာမန်နာအဖြစ် အစားထိုးဝင်ရောက်ဖြေဆိုနေတဲ့ အမျိုးသမီးကိုပါ ရိုက်ကူးထုတ်လွှင့်မိရာက အဲဒီ ရုပ်သံဟာ အွန်လိုင်းမှာ ပြန့်နှံ့သွားပြီး တာမန်နာရဲ့ စာမေးပွဲကို လူစားထိုးဖြေခိုင်းတယ်ဆိုတဲ့ အရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့တာပါ။

မနှစ်က လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ တာမန်နာဟာ Bangladesh Open University BOU မှာ အနုပညာဘွဲ့အတွက် သင်ယူနေတာ ဖြစ်ပါတယ်။

“ခုလို ပြစ်မှုကျုးလွန်တဲ့အတွက် သူ့ကို ကျွန်တော်တို့ တက္ကသိုလ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ ပြစ်မှုဟာ ပြစ်မှုပဲဖြစ်တယ်။ သူ့ကို ကျောင်းစာရင်းကနေလည်း ပယ်ဖျက်လိုက်ပါပြီ။ နောက်ထပ် လာပြီး ဒီ တက္ကသိုလ်မှာ တက်ရောက်လို့လည်း ရတော့မှာ မဟုတ်ပါဘူး။”ဟု BOU အကြီးအကဲ အမ်အေမန်နန်းက ပြောပါတယ်။

“လူစားထိုးပြီး စာမေးပွဲ ဖြေခိုင်းခဲ့တာကို လွှတ်တော်အမတ်ဆိုတဲ့ အရှိန်နဲ့ ကာဗာလုပ်ထားတာပါပဲ။ ဒီလို လူစားထိုး ဖြေခိုင်းတာကို တော်တော်များများက သိပေမယ့် တာမန်နာဟာ သြဇာအာဏာကြီးမားတဲ့ မိသားစုကမို့ ဘယ်သူမှ တိုင်ဟယ်တောဟယ် မလုပ်ရဲခဲ့ကြဘူး။”လို့ တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ တာမန်နာထံ ဆက်သွယ်လို့ မရသေးပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required