ဘာသာရေး အဓိကရုဏ်းအတွင်း ရဲပစ်ခတ်၍ လူသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ထောင်ပေါင်းများစွာ ဆန္ဒပြ

By AFP
21 October 2019
ဘာသာရေး အဓိကရုဏ်းအတွင်း ရဲပစ်ခတ်၍ လူသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ထောင်ပေါင်းများစွာ ဆန္ဒပြ

ဒါကာ၊  အောက်တိုဘာ၂၁ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွေးထွက်သံယိုအဖြစ်ဆုံး ဘာသာရေးအဓိကရုဏ်းတစ်ခုမှာ ရဲပစ်ခတ်လို့ လူလေးဦး သေဆုံးတာပြီး နောက်တစ်နေ့ တနင်္လာနေ့မှာ နိုင်ငံတစ်ဝန်း ရဲတွေကို ဆန့်ကျင်ပြီး ထောင်သောင်းများစွာသော ပြည်သူတွေ ဆန္ဒပြကြပါတယ်။

ဖေ့ဘုတ်ပေါ်မှာ တမန်တော် မိုဟာမက်ကို စော်ကားပြီး ရေးသားခဲ့တဲ့ ဘိုလာကျွန်းက ဟိန္ဒူလူငယ်တစ်ဦးကို သေဒဏ်ပေးကွပ်မျက်ဖို့ တနင်္ဂနွေနေ့မှာ မွတ်စလင် နှစ်သောင်းခန့် ဆန္ဒပြ တောင်းဆိုကြပါတယ်။

အဲဒီ တောင်းဆိုဆန္ဒပြမှုကို ရဲက ပစ်ခတ်နှိမ်နင်းရာမှာ လူလေးဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရတာကြောင့် ဒီကနေ့မှာ ရဲတပ်ဖွဲ့ကို ဆန့်ကျင်ပြီး နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေဟာ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ခတ်တာကြောင့် ပြန်လှန်ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မွတ်စလင် ၉၀ ရာခိုင်နှုန်း ရှိတဲ့ လူဦးရေ ၁၆၈ သန်းရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးကို စော်ကားတဲ့ အွန်လိုင်းရေးသားမှုတွေကြောင့် လူအုပ်လိုက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး လုံခြုံရေးတပ်ဖွဲ့တွေအတွက် ခေါင်းခဲစရာလည်း ဖြစ်နေပါတယ်။
တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ နိုင်ငံတစ်ဝန်းက မြို့တွေမှာ မွတ်စလင် ထောင်သောင်းများစွာဟာ ချီတက်ဆန္ဒပြကြပြီး ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့မှုမှာ ပါဝင်ခဲ့သူတွေကို တရားရုံးတင်ဖို့ တောင်းဆိုကြပါတယ်။

“ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်တယ်ဆိုတာဟာ တရားလက်မဲ့ဖြစ်ပြီး လက်သင့်ခံစရာ မရှိဘူး။”လို့ အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ဟာဆန်က ပြောပါတယ်။

ဖေ့ဘုတ်မှာ ဘာသာရေးစော်ကား ရေးသားတဲ့ ဟိန္ဒူလူငယ်ကို ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်မှုနဲ့ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကတော့ အဲဒီ ဖေ့ဘုတ်အကောင့်ကို မွတ်စလင်အမျိုးသားတစ်ဦးက hack ထားတာဖြစ်ပြီး  သတင်းမှားတွေ ပြန့်နှံ့အောင် အသုံးပြုနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly