Myanmar Motocross(MMX 2019) ပြိုင်ပွဲကို ပြည်တွင်းပြိုင်ပွဲဝင်များဖြင့်သာ ကျင်းပမည်

Myanmar Motocross(MMX 2019) ပြိုင်ပွဲကို ပြည်တွင်းပြိုင်ပွဲဝင်များဖြင့်သာ ကျင်းပမည်
ဓာတ်ပုံ - Myanmar Motocross

ရန်ကုန်၊ အောက်တိုဘာလ ၂၁ ။          ။ မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်လမ်းကြမ်းမောင်း ဆိုင်ကယ်သီးသန့်ပြိုင်ပွဲ ဖြစ်သည့် Myanmar Motocross(MMX 2019) ပြိုင်ပွဲကို ပြည်တွင်းပြိုင်ပွဲဝင် အားကစားများသီးသန့်ဖြင့်သာ ပြုလုပ် သွားမည်ဖြစ်ကြောင်း Myanmar Motocross မှစီစဉ်ကျင်းပသူ ကိုအောင်ပိုင်စိုး က မဇ္ဈိမ သတင်းဌာနကို ပြောသည်။

" Motocross ပွဲကကွင်းထဲမှာပဲပြိုင်ရတာပါ။ ကွင်းဖောက်ထားပါတယ်။ ၁ မိုင်နီးပါးလောက် ရှိပါတယ်။ ၂၆ ရက်နေ့ကြရင် အရည်ချင်း စစ်လိုက်ပါမယ်။ A မှအယောက် ၆၀ ရှိတယ်ဆိုရင် စီနီယာ၊ဂျုနီယာ နှစ်တန်း ခွဲလိုက်မယ်။ စနေ့နေ့ကတော့ ၃တန်း ဖြစ်မယ်။ တနင်္ဂနွေ ဖိုင်နယ်ကတော့ ၅တန်း ဖြစ်သွား မယ်။ မိန်းကလေးပြိုင်ပွဲကတော့မရှိသေးဘူး။ လမ်းကြမ်းအမျိုးအစားကို Motocross ကို စီးတဲ့ မိန်းကလေးကအရမ်းနည်းနေတယ်။ အဲအတွက်သူတို့အတွက်ထည့်မထားပါဘူး" ဟု Myanmar Motocross မှာ စီစဉ်ကျင်းပသူ ကိုအောင်ပိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်မြောက် ပြုလုပ်မည့် လမ်းကြမ်းမောင်းပြိုင်ပွဲ Myanmar Motocross (MMX 2019)ကို မန္တလေးမြို့ ၁၁မိုင်ရှိ ( MX Bike Park)တွင်အောက်တိုဘာလ ၂၆ရက်နှင့် ၂၇ ရက် တို့တွင်နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကွင်းအကျယ် ၁ မိုင်ပတ်လည်တွင်တစ်ယောက် ခြင်း အမျိုးအစားဖြင့် စီးနှင်းယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

" ပထဆုံးပြိုင်ပွဲဆိုတော့ နိုင်ငံခြားအားကစားသမားတွေအတွက် မစီစဉ်ထားသေးပါဘူး။ ပြည်တွင်း ကစားသမားတွေပဲပါပါမယ်။ Trophy က သူတို့ကြိုက်မယ်၊ပြိုင်ပွဲနဲ့လည်းလိုက်မယ့် ပုံစံမျိုးကို စီစဉ် ထားပါတယ်။ကွင်းထဲမှာကြက်ခြေနီ ၊ အရေးပေါ်ကား၁စီး အဆင့်သင့်ထားရှိပေးထားမယ်။ လုံခြုံရေး ကျတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရှိပါမယ်။ အာမခံက ဝင်ကြေးမှပါပြီးသားပါ။ ဝင်ကြေး၂သောင်းမှာ ဆိုင်ကယ်စီး ဂျာကင်တစ်ထည် ၊ ဦးထုပ်တစ်လုံး၊ နေလယ်စာ၊ အာမခံကြေးတို့ပါ ပါမယ် " ဟု ကိုအောင်ပိုင်စိုး က ဆက်ပြောသည်။

ပြိုင်ပွဲကို Pro ၊Master ၊ Beginner အဓိကခွဲခြားထားပြီး Proအတန်းတွင်၁၂၅ စီစီ မှ၂၃၀စီစီ အထက် ဆိုင်ကယ်များ ခွင့်ပြုထားပြီး၊Maste အတန်းတွင် အင်ဂျင်ပါဝါ ၁၂၅ စီစီ မှ ၂၃၀ စီစီ ကြားရှိ ဆိုင်ကယ် များနှင့် Beginner အတန်းတွင် အင်ဂျင်ပါဝါ ၁၁၀ စီစီ မှ ၁၂၅ စီစီ ကြား ရှိဆိုင်ကယ်များဖြင့်သာ ယှဉ်ပြိုင်သွားရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကစားသမား ၇၀ နီးပါးခန့်စာရင်းပေးသွင်းထားကြောင်း သိရှိရပြီး ကစားသမား ၁၅၀ နီးပါးခန့်အထိ လာရောက်ယှဉ်ပြိုင်ရန်မျှော်လင့်ထားကြောင်း သိရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly