ဆီးရီးယားမြောက်ပိုင်း အဓိကအခြေစိုက်စခန်းမှ အမေရိကန်တပ်တွေ ရုပ်သိမ်း

ဆီးရီးယားမြောက်ပိုင်း အဓိကအခြေစိုက်စခန်းမှ အမေရိကန်တပ်တွေ ရုပ်သိမ်း

ဒမတ်စကပ်၊ အောက်တိုဘာ ၂၁။             ။ အမေရိကန် တပ်ဖွဲ့တွေဟာ ဆီးရီးယားမြောက်ပိုင်းက ၎င်းတို့ရဲ့ အကြီးဆုံး အခြေစိုက်စခန်းကနေ တနင်္ဂနွေနေ့မှာ တပ်တွေ ရုပ်သိမ်းသွားကြောင်း သိရပါတယ်။

ထိလွယ်ရှလွယ် အပစ်ရပ်သဘောတူညီချက်အတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေက တူရကီစစ်သားတစ်ဦးကို ပစ်သတ်ကြောင်း တူရကီက စွပ်စွဲပြောဆိုထားစဉ်မှာ ခုလို တပ်တွေ ရုပ်သိမ်းလာတာပါ။

စစ်ပွဲဒဏ်သင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ တပ်တွေရုပ်သိမ်းမယ်လို့ အမေရိကန်က ကြေညာပြီးနောက်မှာ တူရကီဟာ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကို အောက်တိုဘာ ၉ ရက်နေ့ကစပြီး နယ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဆင်နွှဲလာခဲ့တာပါ။

အမေရိကန် ကြားကနေ ဝင်ရောက်ဖြန်ဖြေပေးပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်ရပ် ကြေညာထားတာ ဖြစ်ပါတယ်။ တူရကီက ဘေးကင်းဇုန်အဖြစ် ထားလိုတဲ့ နယ်မြေဧရိယာအတွင်းကနေ ကာ့ဒ်တပ်ဖွဲ့ဝင်တွေ လာမယ့် အင်္ဂါနေ့ မတိုင်မီ တပ်တွေ ရုပ်သိမ်းသွားရမှာ ဖြစ်ပြီး ဒီအတွက် အချိန်ပေးတဲ့အနေနဲ့ ငါးရက်တာ အပစ်ရပ်ထားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

 ကာ့ဒ်တပ်ဖွဲ့တွေဟာ ဆီးရီးယားမှာ အိုင်အက်စ်ကို တိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ် ဖြစ်ခဲ့ပေမယ့် တူရကီကတော့ အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန် သံချပ်ကာယာဉ် ၇၀ စီးကျော်ဟာ ရဟတ်ယာဉ်တွေ လိုက်ပါစောင့်ရှောက်လျက် မြောက်ပိုင်းမြို့ တယ်တမ်မားကနေ ထွက်ခွာသွားတာကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly