မန္တလေးတွင် မိရိုးဖလာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းငယ်များ ပျောက်ကွယ်လုနီးပါး ဖြစ်လာ

မန္တလေးတွင် မိရိုးဖလာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းငယ်များ ပျောက်ကွယ်လုနီးပါး ဖြစ်လာ
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအများစု ပျောက်ကွယ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ် (ဓာတ်ပုံ- ထက်မြတ်/မဇ္ဈိမ)

မန္တလေး(အောက်တိုဘာ ၂၀ရက်၊ ၂၀၁၉ခုနှစ်)။         ။  မန္တလေးမြို့တွင် မိရိုးဖလာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းငယ်များမှာ စျေးကွက်တည်ငြိမ်မှုမရှိခြင်းနှင့် အခြားသော အခက်အခဲများကြောင့် ပျောက်ကွယ်လုနီးပါး အခြေအနေ ဖြင့် ရင်ဆိုင်နေရကြောင်း မန္တလေးအခြေစိုက် ဝါရင့်ကုန်သည်များက ပြောကြားသည်။

“ထွက်ကုန်တွေက ရောင်းမရသလို ငွေရေးကြေးရေးပိုင်းမှာလည်း အားနည်းလာတဲ့အပြင် လုပ်ငန်းကလည်း မ ဖြစ်တာကြောင့် အရင်က စက်တွေ ရာဂဏန်းလောက်ရှိတာ အခုဆိုရင် ၅စက်၊ ၁၀ စက်လောက်ပဲ ရှိတော့တယ်။ သူတို့ကလည်း ပုံမှန်လည်ပတ်နေတာမျိုးမဟုတ်ပါဘူး” ဟု ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး)၏ ဥက္ကဋ္ဌ ဦးသက်တင်က ပြောသည်။

အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက မန္တလေးတွင် များစွာ အလုပ်ဖြစ်ခဲ့သော ပဲသီးနှံများကို ကြိတ်ခွဲသော ကြိတ်ခွဲစက်များ၊ အမှုန့်ကြိတ်စက်များ၊ ဆီစက်များနှင့် သကြားစက်များသည် ယခုအခါ အထက်ပါ အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“အသေးစားစက်တွေနေရာမှာ အင်အားကြီးတဲ့ စက်ကြီးတွေဝင်လာတယ်။ စက်လေးတွေက ရိုးရာနည်းစနစ် ဖြစ်တဲ့ ရိုလာ၊ ကြိတ်ဝိုင်းတွေနဲ့ ခွဲနေကြတော့ အရည်အသွေးပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေရှိလာတယ်။ ဒါ့အပြင်ထုတ်လုပ်မှုကလည်း သိသိသာသာ မတိုးတက်တော့လည်း အခုလို တဖြည်းဖြည်းလျော့နည်းသွားတာ ဖြစ်ပါ တယ်” ဟု ပွဲခွဲစက်လုပ်ငန်း လုပ်ကိုင်သူ ဦးနေမျိုးက ဆိုသည်။

အဆိုပါ အခြေအနေများကြောင့် အစိုးရအနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ ကူညီပေးရန် လိုအပ်သလို လုပ်ငန်းလုပ်ကိုင်သူများကလည်း ပြောင်းလဲလာသည့် နည်းပညာကို အခြေခံကာ အန္တရာယ်ကင်းသော စားသောက်ကုန်များ ထုပ်လုပ်နိုင်ရန် လုပ်ဆောင်သင့်သည်ဟု မန္တလေးအခြေစိုက် ဝါရင့်ကုန်သည်များက သုံးသပ်သည်။

“စျေးကွက်စီးပွားရေးစနစ်က အမြဲပြောင်းလဲနေတာ၊ တသမတ်တည်းမရှိဘူး။ အဲဒါကြောင့် ခေတ်နဲ့လျော်ညီ အောင်လိုက်ဖို့လိုသလို၊ ခေတ်နဲ့လျော်ညီအောင် အဆင်မြှင့်တင်မှုပိုင်းမှာ အစိုးရအနေနဲ့ လုပ်ငန်းငယ်လေးတွေကို ခိုင်မာမှုကို မကြည့်ပဲ ချေးငွေတွေကို ထုတ်ချေးပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ သူတို့တွေ တိုးတက်လာမှသာ တိုင်းပြည်က တိုးတက်မှု ပိုမိုလာမှာဖြစ်ပါတယ်” ဟု ဝါရင့်ကုန်သည်တစ်ဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။

လက်ရှိ မန္တလေးခရိုင်အတွင်းတွင် အသေးစား အိမ်တွင်းစက်မှုလုပ်ငန်းများထဲမှ ပဲကြိတ်ခွဲစက် ငါးစက်၊ ဆီကြိတ်ခွဲစက် သုံးဆယ်နှင့် သကြားစက် ဆယ်ဂဏန်းဝန်းကျင်ခန့်သာ လည်ပတ်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required