တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်ခဲ့တဲ့ အာဆင်နယ်ရဲ့ မှတ်တမ်းကို ယခုရာသီမှာ လီဗာပူးလ်အသင်း လိုက်မီနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတဲ့ ဝစ်ချ်နယ်လ်ဒမ်

တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်ခဲ့တဲ့ အာဆင်နယ်ရဲ့ မှတ်တမ်းကို ယခုရာသီမှာ လီဗာပူးလ်အသင်း လိုက်မီနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတဲ့ ဝစ်ချ်နယ်လ်ဒမ်
Photos: EPA & AFP

လီဗာပူးလ်အသင်းကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒမ်က ၎င်းတို့အသင်းဟာ ယခုရာသီမှာ ရှုံးပွဲမရှိစံချိန်တင်ရင်း ၂၀၀၄ ခုနှစ်က အာဆင်နယ်အသင်းရဲ့ စံချိန်ကို လိုက်မီနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဒတ်ချ်ကွင်းလယ်လူက "ဒါဟာ ဖြစ်နိုင်ပါတယ်။"လို့ Daily Mirror နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပွဲစဉ်တိုင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ဇယားထိပ်မှာ ရပ်တည်နေဆဲဖြစ်ပြီး ကြိုးကြာနီတို့ဟာ ခါးတီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို အနိုင်ရယူခြင်းဖြင့် အင်္ဂလန်ဘောလုံးလောကမှာ အရှည်ကြာဆုံး နိုင်ပွဲဆက် စံချိန်မှတ်တမ်းကို ရိုက်ချိုးနိုင်မှာဖြစ်ပါတယ်။

"ကျနော်တို့အသင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အခုချိန်မှာ ကံနည်းနည်းကောင်းနေပေမယ့် ကျနော်တို့ဟာ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုတွေလည်း ရှိပါတယ်။"လို့ ဝစ်ချ်နယ်လ်ဒမ်က ပြောပါတယ်။

"အာဆင်နယ်အသင်း တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်ခဲ့တဲ့ အချက်အလက်အကြောင်း ကျနော်တို့ တွေးနေတာမဟုတ်ပါဘဲ ကျနော်တို့ဟာ ပွဲတိုင်းမှာ အရာအားလုံး ပေးဆပ်ဖို့ ကြိုးစားထားတာပါ။"

ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ ဂန်းနားတို့ဟာ ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၃၈)ပွဲစလုံးရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်လန်ဒန်အသင်းဟာ စုစုပေါင်း (၁၂)ပွဲထိ သရေတာကြောင့် ရမှတ်တွေ လျော့ကျခဲ့တာ မြင်တွေ့ရပြီး စုစုပေါင်း ရမှတ် (၉၀)နဲ့ ရာသီကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြိုင်ဘက် မန်စီးတီးရဲ့နောက် (၁)မှတ်အကွာ ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် လီဗူးလ်အသင်းဟာ ၂၀၀၄ ခုနှစ်က အာဆင်နယ်အသင်းထက် (၇)မှတ် အသာ စုစုပေါင်း (၉၇)မှတ်နဲ့ ပိုပြီးကောင်းမွန်ခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ အသင်းဟာ နှစ်ပေါင်း (၃၀)အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီစကို ရင်ဆိုင်နေတဲ့ ယူနိုက်တက်တို့နဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ တနင်္လာနွေနေ့ (ယနေ့)မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် (၁၇)ပွဲကို ကလပ်အသင်းစံချိန်တင် အနိုင်ရထားပြီး သူတို့ရဲ့ နောက်ဆုံး (၄၇)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ထားပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly