ICC မှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်ကို မြန်မာပယ်ချ

ICC မှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်ကို မြန်မာပယ်ချ
ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။      ။ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်ကိုပယ်ချကြောင်း ကုလ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က တရားဝင်ကန့်ကွက်လိုက်သည်။

အောက်တိုဘာ ၁၉ ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည့်  (၇၄) ကြိမ်မြောက်  ကုလသမဂ္ဂ  အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၌ ကန့်ကွက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တရားရုံး၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် လုံးဝမရှိကြောင်းလည်း မြန်မာကိုယ်စားလှယ် အဖွဲ့မှ ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနမှထုတ်ပြန်သည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် တရားရုံး၏ သိက္ခာ၊ တရားဝင်ဖြစ်မှု၊ တရားစီရင်ပိုင်ခွင့်တို့ကို ထိခိုက်စေမည် ဟုလည်းထုတ်ပြန်ချက် တွင်ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ကော်မရှင်က ၎င်း၏ အစီရင်ခံစာကို ပြုစုလျက် ရှိကာ ကုလ၏ စုံစမ်းစစ်ဆေးရေးယန္တရားသည် နိုင်ငံရေး လက်နက်သက်သက်သာဖြစ်ကြောင်းလည်း အစိုးရဘက်မှထုတ်ပြန်သည်။

 ထို့ကြောင့်ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် ၎င်း၏ အစီရင်ခံစာများကို လုံးဝပယ်ချပါကြောင်းနှင့် အစီရင်ခံစာများမှာ တစ်ဖက်စောင်းနင်းဖြင့် အချက်အလက်အမှားများစွာ ပါဝင်နေသည်ဟုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ဆွေးနွေးခဲ့သည်။

ယင်းအဖွဲ့၏ ဆောင်ရွက်ချက်နှင့် အစီရင်ခံစာများသည် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းအကြား မယုံကြည်မှုများ တိုးပွားလာစေနိုင်သည့်အပြင် ကူညီရာမရောက် ဟု အစိုးရဘက်မှကန့်ကွက်ပြောဆိုခဲ့ဖူးသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၌ ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်၌ တရားဥပဒေစိုးမိုးရေး ဘာသာရပ်၊ အကြွင်းမဲ့ တရားစီရင်ပိုင်ခွင့်၏ နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုဆိုင်ရာ ဘာသာရပ်တို့နှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်က ပါဝင်ဆွေးခဲ့ကြောင်းလည်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly