ကူဝိတ်ကို နိုင်ငံတကာပွဲကစားခွင့်ပိတ်လိုက်သည့်အတွက် အာရှခြေစစ်ပွဲဆက်ကစားခွင့်ရရန် မြန်မာအခြေအနေကောင်း

ကူဝိတ်ကို နိုင်ငံတကာပွဲကစားခွင့်ပိတ်လိုက်သည့်အတွက် အာရှခြေစစ်ပွဲဆက်ကစားခွင့်ရရန် မြန်မာအခြေအနေကောင်း

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် ကူဝိတ်လက်ရွေးစင်အသင်းကို ဖီဖာမှ နိုင်ငံတကာပွဲကစားခွင့် ပိတ်ပင်လိုက်သည့်အတွက် မြန်မာအသင်းမှာ အုပ်စုတတိယနေရာကို ရောက်ရှိလာပြီး ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်ပွဲစဉ်များကို ဆက်လက်ကစားခွင့်ရရန်အခြေအနေကောင်းသွားသည်။

အစိုးရမှဝင်ရောက်စွက်ဖက်မှုကြောင့် ကူဝိတ်အသင်းကို ဖီဖာပိတ်ပင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် အစိုးရပိုင်းမှဝင်ရောက်စွက်ဖက်သဖြင့် ကူဝိတ်အသင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ပြစ်ဒဏ်ကိုချက်ချင်းကျခံရ မည်ဟုလည်း ဖီဖာက ကြေညာသည်။

စက်တင်ဘာ ဖီဖာအမှုဆောင်ကော်မတီအစည်းအဝေးတွင် ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကူဝိတ်၏ အားကစားဥပဒေကို ပြင်ဆင် အောက်တိုဘာ ၁၅ အထိ အချိန်ပေးခဲ့သည်။

"ကူဝိတ်ဘောလုံးအဖွဲ့ချုပ်နှင့် လက်အောက်ခံကလပ်များအနေဖြင့် လွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့် အနေအထားရောက်မှသာ ပြစ်ဒဏ်ကို ပြန်လည်ရုတ်သိမ်းပေးမည်"ဟု ဖီဖာက သောကြာနေ့တွင် ကြေညာခဲ့သည်။

ကူဝိတ်လက်ရွေးစင်အသင်းနှင့် ကလပ်များသည် နိုင်ငံတကာပြိုင်ပွဲဝင်ပြိုင်ခြင်းကို ပိတ်ပင်ခံရမည်ဖြစ်ပြီး ဖီဖာ၏အကူအညီများကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်သည်။

ကူဝိတ်အသင်းသည်လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စု (ဆ)တွင် တောင်ကိုရီးယား၏အောက် ဒုတိယနေရာတွင်ရှိနေ ပြီး ပွဲစဉ်ဇယားအရ နောက်တစ်ပွဲမှာ နိုဝင်ဘာ ၁၇ တွင် မြန်မာနှင့်ပွဲဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(ဆ)တွင် ကူဝိတ်အသင်းဆက်လက်ယှဉ်ပြိုင်ခွင့်မရတော့သဖြင့် ၎င်းနှင့်ယှဉ်ပြိုင် ကစားခဲ့သောပွဲရလဒ်များအားလုံးလည်း ပျက်ပြယ်သွားပြီးဖြစ်ကာ မြန်မာအသင်း၏ စံချိန်တင်အရှုံး ၉-ဝရလဒ်လည်း ပျက်သွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် အုပ်(ဆ) ၌ ကိုရီးယားအသင်းက ရမှတ် ကိုးမှတ်ဖြင့် ဦးဆောင်နေပြီး လက်ဘနွန်က ခြောက်မှတ်ဖြင့် ဒုတိယ၊ မြန်မာက လေးမှတ်ဖြင့် တတိယ၊ လာအိုက တစ်မှတ်ဖြင့် တတိယနေရာများတွင် အသီးသီးရပ်တည်နေသည်။

အုပ်စုပထမနှင့် ဒုတိယရအသင်းများမှာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲတတိယအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပြီး အာရှခြေစစ်ပွဲတိုက်ရိုက်အောင်မည်ဖြစ်သည်။

အုပ်စုတတိယရရှိသောအသင်းမှာ အာရှဖလားခြေစစ်ပွဲတတိယအဆင့်ကို ဆက်လက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုစတုတ္ထရအသင်းမှာ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အတွက် ပလေးအော့ဖ် ကစားခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required