အိမ်အကူလုပ်သားများအတွက် သီးသန့်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းမည်

အိမ်အကူလုပ်သားများအတွက် သီးသန့်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းမည်
အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများနှင့် ဆန်းစစ်လေ့လာသုံးသပ်ချက်များအား မိတ်ဆက်ခြင်းအခမ်းအနာ(ဓာတ်ပုံ-  ထက်မြက်/ မဇ္ဈိမ)

မန္တလေး(အောက်တိုဘာ ၁၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ အခြားသော အလုပ်သမားများနည်းတူ တူညီသော အခွင့်အရေးများ ရရှိခံစားနိုင်ရန်ဟုဆိုတာ အိမ်အကူလုပ်သားများအတွက် သီးသန့်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 “လက်တွေ့မှာ ဥပဒေပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတခုမှ မရကြဘူး။ ဒါအပြင်အနည်းဆုံးလုပ်ခလစာက အနည်းဆုံး ၄၈ဝဝကျပ်သတ်မှတ်ထားပေမယ့် ၁ဝဦးအောက် လုပ်ငန်းဆိုရင် မသက်ဆိုင်တဲ့အတွက် အခွင့်အရေးကို ခံစားခွင့်မရကြဘူး ဖြစ်နေတယ်” ဟု အိမ်အကူလုပ်သားအရေး ဆောင်ရွက်ပေးနေသည့် ပဉ္စမမဏ္ဍိုင်အဖွဲ့မှ ဦးနေဝင်းနိုင်က ပြောကြားသည်။

အိမ်အကူလုပ်သားများအတွက် ဥပဒေကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့က မန္တလေးမြို့၊ Hotel Sakura Princess တွင် အောက်တိုဘာလ ၁၈ရက်က ကျင်းပြုလုပ်သည့် အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများနှင့် ဆန်းစစ်လေ့လာသုံးသပ်ချက်များအား မိတ်ဆက်ခြင်းအခမ်းအနားတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အလုပ်သမားတိုင်းမှာ အလုပ်ချိန်၊ ခွင့်ရက် နားချိန်က အဓိကကျတယ်။ အဲဒါတွေကို အာမခံပေးထားတာက ခွင့်နဲ့ ခံစားခွင့်ဥပဒေဖြစ်တယ်။ အဲဒီမှာ ခွင့်ရက်နားရက်တွေ မရ၊ အလုပ်ချိန်ကန့်သတ်မှုမရှိ၊ တရက်အတွက်ဘယ်လောက်လုပ်ရမယ်ဆိုတာတွေ ပေးမထားဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ရက်ရှိတယ်၊ မနက်မိုးလင်းက မိုးချုပ် အလုပ်လုပ်(ရ)တာကို မဖြစ်သင့်ဘူး။ ပြုပြင်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် အိမ်အကူများအနေဖြင့် အခြားသော အလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးများ ရရှိစေရန် ဥပဒေရေးရာကုစားရေးအဖွဲ့နှင့် ပဉ္စမမဏ္ဍိုင်အဖွဲ့တို့က ၂၀၁၁ခုနှစ်က သတ်မှတ်ပြဌာန်းခဲ့သည့် အိမ်အကူလုပ်သားများအတွက် သင့်လျော်ကောင်းမွန်သော အလုပ် အကိုင် ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၈၉ နှင့် အကြံပြုတိုက်တွန်းချက် အမှတ် ၂၀၁ တို့တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် မြန်မာနိုင်ငံ၏ ဥပဒေများအား နှိုင်းယှဉ်ထားသည့် အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ဆန်းစစ် လေ့လာသုံးသပ်ချက်ကို ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ရေးသားပြုစုချက်များကို အခြေခံကာ လိုအပ်သော အချက်အလက်များအား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့ အပါအဝင် အခြားသော နိုင်ငံများတွင် သတ်မှတ်ပြဋ္ဌာန်းထားသကဲ့သို့ အိမ်အကူလုပ်သားများအတွက် သီးသန့်အလုပ်သမားဥပဒေတစ်ရပ်ကို ရေးဆွဲ၊ ပြဋ္ဌာန်းပေးရန် တိုက်တွန်းမှုများ ဆက်တိုက်လုပ်ဆောင်သွားမည်ဟု အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုကြသည်။

 မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးနိုင်သည့် ဥပဒေပြဋ္ဌာန်းချက် သီးသန့် မရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပ၌ အလုပ်လုပ်ကိုင်နေကြရသည့် အိမ်အကူလုပ်သားများသည် ခေါင်းပုံဖြတ်ခံရမှု၊ ညှဉ်းပမ်းနှိပ်စက်ခံရမှုများ ရင်ဆိုင်ရကာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွလည်း လုပ်ကိုင်နေကြရသည်ဟု အိမ်အကူအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ထုတ်ပြန်ကြေငြာထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly