ပဲခူးတိုင်းဝန်ကြီးချုပ်အပေါ် တိုင်ကြားထားမှု NLDပါတီ အမြန်ဆုံးစစ်ဆေးဆောင်ရွက်မည်

ပဲခူးတိုင်းဝန်ကြီးချုပ်အပေါ် တိုင်ကြားထားမှု NLDပါတီ အမြန်ဆုံးစစ်ဆေးဆောင်ရွက်မည်
 ဓာတ်ပုံ- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန် ၊ အောက်တိုဘာလ ၁၈ ရက်  ။        ။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျောင်းဆရာမများနှင့် ပတ်သက်သော ပြောစကားအပေါ် တိုင်ကြားစာလက်ခံရရှိထားပြီး အမြန်ဆုံးစိစစ်ဆောင်ရွက်မည်ဟု NLDပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကအတည်ပြု ပြောဆိုလိုက်သည်။

 

“တိုင်ကြားစာလက်ခံထားပါတယ်။ကျွန်တော်တို့က အခုတော့ ဒါကမှတ်ပုံတင်စာရင်းသွင်း လိုက်ပါပြီ။ ပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့က ပြည်သူ့လူထုအတွင်းမှ နည်းနည်းစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကို ဦးစားပေးပြီးသားပါ။ ဒါပေမယ့် တခြားအရေးကြီး သောကိစ္စလည်းရှိတော့ ဒါကိုအမြန်ဆုံးလုပ်မယ်လို့ စဉ်းစားထားတယ်။ဒီကိစ္စကို စစ်ဆေးပြီးမှ ဆုံးဖြတ် ရမှာပါ။ ကြိုတင်ပြောထားရင် ဒါက Viral ဖြစ်သွားမှာပါ” ဟုဒေါက်တာမျိုးညွန့်ကပြောသည်။

အောက်တိုဘာ ၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒမငယ်ကျေးရွာလူထုတွေ့ဆုံပွဲတွင် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမများကိုဒေသခံကျေးရွာသားများရည်းစားစကား လိုက် ပြောကြရန်နှင့် အိမ်ထောင်ကျလျှင် ရွာတွင်မြဲမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့် စကားအတွက် လူထု အကြားဝေဖန်မှုများ မြင့်တက်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ကျေးရွာလူထုက ပညာရေးဝန်ထမ်းဆရာ၊ဆရာမများနေထိုင်ရေးနှင့် ပတ်သက်၍ တင်ပြရာတွင်ပဲခူးတိုင်းဝန်ကြီးချုပ်က ထို့သိုအငြင်းပွားဖွယ်စကားများကို ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဝန်ကြီးချုပ်ရဲ့ပြောစကားနဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်ပေးဖို့တိုင်ကြားစာ ဒီနေ့ပို့လိုက်တယ်။ ဒါဟာဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ပြောတဲ့စကားက ဆရာ၊ ဆရာမတွေရဲ့ဘဝလုံခြုံမှုကို မထီမဲ့မြင် ပြုရာကျတယ်။ လိင်အကြမ်းဖက်မှု(Sexual Harassment  )ကိုအားပေး အားမြောက် သလို၊ ဆရာ၊ ဆရာမတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ထိပါးစေတယ်။လှုံဆော်တယ်။ ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားကို ရပ်ရွာလူထုက ထိပါးစော်ကားလာအောင် ရာဇဝတ်မှု တွေဖြစ်ပွားလာအောင် အားပေးအားမြောက်တဲ့ သဘောတွေပါတဲ့အတွက်ကြောင့် ဒီလိုမျိုးထိထိ ရောက်ရောက်အရေးယူပေးဖို့ ကျွန်တော်တို့က တိုင်စာပို့လိုက်တာပါ” ဟု အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီဝင်  ဦးဖြိုးဝေအောင်က ပြောသည်။

အဆိုပါကိစ္စရပ်များအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်တွင်းမီဒီယာတစ်ခုမှတဆင့် ပြန်လည် တောင်းပန်မှုများရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly