ONE Century Part I တွင် လက်စွမ်းအပြနိုင်ဆုံး ကစားသမား ၅ ဦး

ONE Century Part I တွင် လက်စွမ်းအပြနိုင်ဆုံး ကစားသမား ၅ ဦး

ONE Championship ၏ အခမ်းအနား အကြီးကျယ်ဆုံး ရာပြည့် ပြိုင်ပွဲကြီး ONE: Century ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲကို Part I နှင့် Part II နှစ်ခုခွဲကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး Part I ပွဲများကို နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ကာ Part II ကို ညနေပိုင်းတွင် ကစားခဲ့သည်။ အဆိုပါ ပွဲများအနက် ONE: Century Part I ယှဉ်ပြိုင် ကစားခဲ့ကြသူ များထဲမှ အကောင်းဆုံး ပြိုင်ဘက်များနှင့် ရင်ဆိုင်ကာ လက်စွမ်းပြ အနိုင်ယူခဲ့သူ အချို့အကြောင်း စုစည်းဖော်ပြ လိုက်ရပါသည်။

(၁) Angela Lee

ONE: Century Part I ၏ အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ရသည့် အမျိုးသမီး အက်တမ်ဝိတ်တန်းချန်ပီယံ “Unstoppable” Angela Lee သည် စိန်ခေါ်သူ စတောဝိတ်တန်းချန်ပီယံ “The Panda” Xiong Jing Nan ကို နောက်ဆုံး စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး လွန်ခဲ့သည့် ၇ လ က ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် မတ်လက ဂျပန်မြေတွင် ကျင်းပခဲ့သည့် ONE: A New Era တွင် ဆုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က Xiong က အလဲထိုး ရလဒ်ဖြင့် အနိုင်ရခဲ့ဖူးသည်။ ထို့ကြောင့် Lee သည် ယခုပွဲအတွက် ပြင်ဆင်မှုများ သေချာ ပြုလုပ်ကာ ပြိုင်ဘက်ဟောင်းကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမအချီတွင် Lee သည် Xiong ၏ ကြောက်မက်ဖွယ် လက်သီးချက်များဖြင့် ခြိမ်းခြောက် ခံခဲ့ရသည့်တိုင် နောက်ဆုတ် မသွားဘဲ တန်ပြန် တိုက်စစ် အနေအထားဖြင့် ရင်ဆိုင်ခဲ့သည်။ ဒုတိယအချီတွင်တော့ Lee သည် ၎င်း၏ ပုံမှန် ရစ်သမ်ကို ပြန်လည်ရရှိလာခဲ့ပြီး ထိရောက်သော တိုက်စစ်ကို ကောင်းစွာ အစပျိုးနိုင်ခဲ့သည်။ ယင်းအချီတွင်ပင် Xiong ကို ကြမ်းပေါ်လှဲချနိုင်ခဲ့ သေးသော်လည်း အပြီးသတ်ချုပ်နိုင်ခဲ့ခြင်း မရှိပေ။ တတိယအချီနှင့် စတုတ္တအချီများတွင် Lee သည် မြေပြင်ချုပ်ကွက်များဖြင့် အသာစီးရယူနိုင်ခဲ့ပြီး အသည်းမာလွန်းသည့် Xiong ကို ပွဲသိမ်းနိုင်ရန် ခက်ခဲနေခဲ့သည်။ Xiong ကလည်း နောက်ဆုံးအချိန်ထိ ၎င်း၏ လက်သီးချက်နှင့် ခြေကန်ချက်များ အားပျော့ မသွားဘဲ ပြိုင်ဘက်ကို ဆက်တိုက် ဒုက္ခပေးနိုင်ခဲ့သည်။ ပဥ္စမအချီ ပြီးခါနီးထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့် အဆုံးအဖြတ်ပေးမည့်ပွဲ ဖြစ်လာမည်ဟု ပရိသတ်များ ယူဆနေချိန်တွင် ပွဲပြီးရန် ၁၂ စက္ကန့်အလို၌ Lee က Rear-naked choke ချုပ်ကွက်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

(၂) Demetrious Johnson

UFC ပြိုင်ပွဲတွင် အောင်မြင်မှုများစွာရရှိခဲ့သည့် Demetrious “Mighty Mouse” Johnson သည် ယခုပွဲတွင် ဖိလစ်ပိုင်နာမည်ကြီး ကစားသမား Danny “The King” Kingad ကို အနိုင်ယူကာ ၎င်း၏ ပထမဆုံး ONE Chmapionship ချန်ပီယံခါးပတ်ကို သိမ်းပိုက် နိုင်ခဲ့သည်။ ONE ဖလိုင်းဝိတ်တန်း World Grand Prix ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရသည့် အဆိုပါပွဲတွင် အမေရိကန်သား Johnson သည် ၎င်း၏ အကောင်းဆုံး လက်စွမ်းများ မကုန်ဆုံးသေးကြောင်း သက်သေပြနိုင်ခဲ့သည်။ ကစားသမား နှစ်ဦးသည် သုံးချီစလုံး အကြိတ်အနယ် ကစားခဲ့ကြသဖြင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး Johnson က အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲတွင် ပွဲအစပိုင်း တရကြမ်း တိုက်စစ် စဖွင့်ခဲ့သူမှာ Kingad ဖြစ်ပြီး Johnson က ၎င်းကို ကြမ်းပေါ် ဆွဲလှဲမချနိုင်မီ အချိန်အထိ ပြင်းထန်သည့် လက်သီးနှင့် ခြေကန်ချက်များဖြင့် ခြိမ်းခြောက်နိုင် ခဲ့သည်။ Johnson က Kimura ချုပ်ကွက်ဖြင့် ပထမအချီတွင်ပင် ပြိုင်ဘက်ကို ပွဲသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယ အချီတွင် Johnson ၏ တိုက်စစ် ပိုမိုပြင်းထန် လာသော်လည်း Kingad ကို ကြမ်းပေါ် မလှဲချမီတွင် ဘယ်လက်သီး တစ်ချက် မိမိရရ အထိုးခံလိုက်ရသေးသည်။ ဒုတိယ တစ်ချီလုံးလည်း Johnson က အပေါ်စီးမှ ဖိအားပေးခဲ့ပြီး Kingad က ချုပ်ကွက်ဖြင့် အရှုံးမပေးရစေရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ တတိယအချီတွင် Johnson က ချုပ်ကွက်ကို အနည်းငယ် ပုံစံပြောင်းကာ ဘေးတိုက်ပုံစံဖြင့် တံတောင်နှင့် ဒူးများပါသုံးခဲ့သော်လည်း Kingad က အသည်း မာလွန်း သဖြင့် ပွဲမသိမ်းနိုင်ခဲ့ဘဲ အမှတ်ဖြင့်သာ အနိုင်ရခဲ့သည်။

(၃) Christian Lee

ONE Championship ၏ ပူပူနွေးနွေး လိုက်ဝိတ်တန်း ချန်ပီယံ Christian “The Warrior” Lee သည် ယခုပွဲတွင် တူရကီသား Saygid “Dagi” Guseyn Arslanaliev ကို လက်စွမ်းပြ အနိုင်ယူကာ ဒုတိယမြောက် ONE Championship ခါးပတ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တွင် Lee သည် ယင်းပွဲကို ကစားရမည့်သူ မဟုတ်ဘဲ ဒဏ်ရာရသွားသည့် Eddie Alvarez နေရာတွင် လူစားဝင် ကစားရန် ပွဲမကစားမီ ၁ဝ ရက် အလိုတွင်မှ သိခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ONE လိုက်ဝိတ်တန်း World Grand Prix ဗိုလ်လုပွဲ အဖြစ် ကစားရသည့် အဆိုပါ ပွဲတွင် Lee သည် ချန်ပီယံ လက်စွမ်းပြကာ Arslanaliev ကို အမှတ်ဖြင့် အနိုင်ယူခဲ့သည်။

ယင်းပွဲတွင် ဗိုလ်လုပွဲ ရောက်ရန် အဆင့်ဆင့် ဖြတ်သန်းလာခဲ့ရသည့် Arslanaliev က ပွဲစကတည်းက Lee ကို ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်ကာ အသာစီး ရယူရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း နည်းစနစ် ပိုင်နိုင်သည့် Lee က Arslanaliev ၏ တိုက်ကွက် တိုင်းကို ချေဖျက်နိုင်ရုံ သာမက ထိရောက်သည့် တန်ပြန် တိုက်စစ်ကိုပါ ထုတ်ပြနိုင်ခဲ့သည်။ လက်သီးအားချင်း ယှဉ်လျှင် Arslanaliev က ပိုပြင်းသယောင် ရှိခဲ့သော်လည်း Lee က ကြမ်းပြင်ပေါ်သို့ လှဲချနိုင်ခဲ့ ပြီးနောက် ခံစစ်အနေအထား ဖြစ်သွားခဲ့သည်။ ဒုတိယ အချီတွင် Lee ၏ မနားတမ်း တိုက်စစ်က Arslanaliev ၏ သက်လုံကို ဖြုန်းတီးပစ် ခဲ့ပြီး အဆုံးသတ် ချုပ်ကွက်ကိုတော့ ရှာမတွေ့ နိုင်ခဲ့ပေ။ တတိယ အချီတွင် Arslanaliev က Lee ကို အနားကပ် မခံဘဲ လက်သီးပြင်းပြင်းဖြင့် တားဆီးခဲ့သည့်တိုင် Lee က မြေပြင် ကစားပွဲကို အဓိက ဦးစားပေး အဖြစ် ရည်မှန်းထားသည့် အတိုင်း အောင်မြင်စွာ လှဲချနိုင်ခဲ့သည်။ Lee က Arslanaliev ၏ နောက်ကျော ဘက်သို့ ခွလျက် အနေအထား ရောက်သွားသဖြင့် ဆက်တိုက် ထိုးနှက်ခဲ့သော်လည်း Arslanaliev က ပွဲချိန်ပြည့်သည် အထိ အရှုံးမပေး ခဲ့သဖြင့် အမှတ်ဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၄) Yushin Okami

ဝါရင့် ကစားသမားကြီး Yushin “Thunder” Okami ကလည်း ယခုပွဲတွင် ၎င်းထက် အသက်ငယ်ပြီး ခွန်အားကောင်းသည့် Agilan “Alligator” Thani ကို အံ့ဖွယ် လက်စွမ်းပြ အနိုင်ယူခဲ့သည်ကို တွေ့ရသည်။ အသက် ၃၈ နှစ် အရွယ်ရှိသူ Okami သည် သူ့ထက် ၁၄ နှစ်ခန့် ငယ်သည့် Thani ကို အတွေ့အကြုံ အပြင် ခွန်အားနှင့် သက်လုံကိုပါ ပွဲပြီးသည် အထိ အသုံးချနိုင်ခဲ့သဖြင့် ယခုကဲ့သို့ အနိုင်ရခဲ့ ခြင်းလည်း ဖြစ်သည်။ မကြာသေးမီကမှ ဂန္တဝင် ဂျပန် ကစားသမားကြီး Yoshihiro “Sexy Yama” Akiyama ကို အနိုင်ရထားသည့် Thani အတွက် ယခုပွဲအရှုံးသည် ခံပြင်းစရာ ရလဒ်တစ်ခု ဖြစ်သည်။

ယခုပွဲတွင် Okami သည် ပြိုင်ဘက်ကို စောစောစီးစီး ပွဲသိမ်းနိုင်ရန် ပွဲစကတည်းက တိုက်စစ်ဖွင့်၍ ကစားခဲ့သည်။ Okami သည် မတ်တပ်ရပ် တိုက်ခိုက်မှု အားသန်သည့် Thani ကို ကြမ်းပေါ် ဆွဲလှဲချနိုင်ခဲ့ပြီး Rear-naked choke ချုပ်ကွက်ကိုပင် ပိုင်နိုင်စွာ ချုပ်နိုင်ခဲ့သည်။ သို့သော် ခွန်အားသန်လွန်းသည့် Thani က Okami ကို ကျောပေါ် ထမ်းပိုးမိသည် အထိ ရုန်းခဲ့သဖြင့် ဆက်လက် မချုပ်နိုင်တော့ဘဲ ပြန်လွှတ်ပေး ခဲ့ရသည်။ ဒုတိယ အချီတွင်လည်း Okami ၏ ချုပ်ကွက်များ အသာစီး ရခဲ့သော်လည်း Thani ၏ ခွန်အားကို မကျော်လွန်နိုင် ဖြစ်နေခဲ့ရသည်။ နောက်ဆုံး အချီတွင်မူ Thani အားသာသည့် မတ်တပ်ရပ် တိုက်ခိုက်မှု အချို့ ပြုလုပ်ခွင့် ရခဲ့သော်လည်း ထိထိမိမိ မထိုးနှက် နိုင်ခဲ့သဖြင့် Okami က အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၅) Istuki Hirata

ONE Championship ၏ အလားအလာ အကောင်းဆုံး လူငယ် အမျိုးသမီး ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် Itsuki “Strong Heart Fighter” Hirata သည် နာမည်ကြီး ထိုင်းကစားသမား Rika “Tiny Doll” Ishige ကို ဒုတိယ အချီတွင်ပင် ချုပ်ကွက်ဖြင့် လက်စွမ်းပြ အနိုင်ယူခဲ့ သည်ကို တွေ့ရသည်။ အမှန်တကယ် အားဖြင့် လက်စွမ်းထက် ရုပ်ရည်နှင့် လူစိတ်ဝင်စားအောင် ဖန်တီးနိုင်မှု များကြောင့် နာမည်ကြီးသည့် Isige သည် ယခုပွဲတွင်မူ Hirata ကို ထိပ်တန်း လက်စွမ်းမျိုးဖြင့် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ Hirata ကလည်း အတွေ့အကြုံ များပြားသည့် ပြိုင်ဘက်ကို နည်းအမျိုးမျိုးဖြင့် လှည့်ပတ် တိုက်စစ်ဆင် ခဲ့ပြီးမှ ပြီးခဲ့သည့် ၄ ပွဲ အတိုင်း ချုပ်ကွက်ဖြင့် အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။

ဂျပန် ကာတွန်းဇာတ်ကောင် Sailor Moon ပုံစံ ဝတ်ဆင်ပြီး ပွဲထွက်လာသည့် Ishige သည် မြေပြင် ကစားပွဲ အားသန်သည့် Hirata ကို ပွဲအစတွင် အနီးကပ် ဝင်မတိုက်ခိုက်ဘဲ အရိပ်အခြည် ကြည့်ပြီး ကစားနေ ခဲ့သည်။ Hirata ကလည်း Ishige ၏ အောက်ပိုင်းကို အတင်း ဝင်ဆွဲပြီး လှဲချနိုင်ရန် ကြိုးပမ်းခဲ့ရာ တစ်ကြိမ်တွင် မိသွားပြီး ကြမ်းပေါ် လှဲချ ခံခဲ့ရသည်။ သို့သော် Ishige က Hirata ၏ မနားတမ်း တိုက်စစ်ကို အသည်းမာမာဖြင့် ကြံ့ကြံ့ခံနေ ခဲ့သဖြင့် ပွဲမှာ ကြည့်ကောင်းခဲ့ပြီး အကြိတ်အနယ် ရှိနေခဲ့သည်။ ဒုတိယ အချီတွင်တော့ Ishige သည် ပထမအချီ ကဲ့သို့ မာမာထန်ထန် ပြန်မကစား နိုင်ဘဲ ပွဲပြီးခါနီးအထိ ခံစစ်သက်သက် ကစားနေခဲ့ရသည်။ ဒုတိယ အချီပြီးရန် စက္ကန့် ၂ဝ ခန့် အလိုတွင် Hirata ၏ Armbar ချုပ်ကွက်မိသွားပြီး Ishige မရုန်းနိုင် တော့သဖြင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required