ယခုနှစ်မိုးစပါး သတ်မှတ်အခြေခံစျေးနှုန်းအတိုင်း ရရှိရန်မလွယ်ဟုတောင်သူများပြောဆို

ယခုနှစ်မိုးစပါး သတ်မှတ်အခြေခံစျေးနှုန်းအတိုင်း ရရှိရန်မလွယ်ဟုတောင်သူများပြောဆို

ရန်ကုန်။အောက်တိုဘာ ၁၆ ။          ။ စပါးပေါ်ချိန်ရောက်ရှိနေပြီဖြစ်ေသာ်လည်း အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းစဉ်များစတင်နိုင်မှု မရှိသေးသောကြောင့် ယခုနှစ်မိုးစပါးမှာ သတ်မှတ်အခြေခံစျေးနှုန်းအတိုင်းရရှိရန်မလွယ်ကူကြောင်း တောင်သူအချို့က ပြောသည်။လက်ရှိတွင် ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုများကြောင့်စပါးများကို စတင်ရိတ်သိမ်းကာ ရောင်းချနေပြီ ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“ဒီနှစ်ကတော့လယ်သမားတွေအတွက်ကေတာ့ သူတို့သတ်မှတ်တဲ့ ငါးသိန်းစျေး မရလောက်ဘူး။ လယ်သမားတွေ လက်ထဲကုန်သွားလို့ကုန်သည်တွေလက်ထဲရောက်မှ အဲစျေးနဲ့ပေးဝယ်မလားတော့ မသိဘူး” ဟု ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှစပါးစိုက်တောင်သူ ဦးညိုဝင်းက ဆိုသည်။

ယခုနှစ် မိုးစပါးနှင့် ၂၀၂၀နွေစပါးရာသီအတွက် ၄၆ပေါင်ကိုက်စပါးတင်း၁၀၀ကို ကျပ် ၅သိန်းနှုန်း အစိုးရကအခြေခံစပါးစျေးအဖြစ် အောက်တိုဘာ ၁၅ရက်နေ့ကသတ်မှတ်ထုတ်ပြန်ခဲ့သည်။အဆိုပါ စျေးနှုန်းရရှိစေရန်အတွက် စပါးများသည်အစိုဓာတ် ၁၄ရာခိုင်နှုန်းနှင့်အဖျင်း၊ အမှော် ၊ဖုန်၊သဲ၊ခဲ ကင်းစင်ကာ သတ်မှတ်အရည်အသွေးစံနှုန်း ကိုက်ညီရန် လိုအပ်ကြောင်းသိရသည်။ “သူတို့ကတော့သတ်မှတ်တာပဲရှိတာေလ။ ငါးသိန်းအောက်ချဝယ်ရင် ဘယ်လိုဆိုတာမျိုး မရှိ ဘူးလေ။

အဲလို ခိုင်မာမှု မရှိတော့ လယ်သမားတွေက ရာသီဥတု အနေအထားနဲ့ ဘယ်လိုမှ လယ်သမားတွေက ထားလို့မရဘူးလေ”ဟုဦးညှိဝင်းက ဆက်ပြောသည်။ထို့အပြင် အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန် အခက်အခဲရှိနေသောနေရာဒေသများအတွက် နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၊ဆန်စပါး ဝယ်ယူရေးအဖွဲ့များက စပါးများကို ဝယ်ယူပေးသွားမည်ဟု သိရသည်။

ယခုအစီအစဉ်အတွက် အစိုးရမှ ရန်ပုံငွေ ကျပ် ၁၅ဘီလီယံ သုံးစွဲသွားမည်ဖြစ်သော်လည်းအဆိုပါ ဝယ်ယူရေး လုပ်ငန်းစဉ်များအတွက် အစိုးရနှင့်အသေးစိတ်ဆက်လက် ဆွေးနွေးရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအာယုက ပြောသည်။ “ခုကရိတ်တယ်ဆိုရင် စပါးပေါ်တာလေ၊ ဒီလိုအနေအထားမျိုးမှာ စပါးပေါ်နေပြီ။

ခုထက်ထိ ဆွေးနွေးရတုန်း၊တိုင်ပင်ရတုန်းဆိုရင်တော့ သေချာတယ် ဒီစပါးပြီးမှပဲ အကောင်အထည် ပေါ်လိမ့်မယ်”ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။ယမန်နှစ်က စပါးတင်း ၁၀၀လျှင် မြို့အရောက် ကျပ် ၅သိန်းခွဲမှကျပ် ၆သိန်းအထိ စျေးရရှိခဲ့ သော်လည်း ယခုနှစ်တွင် မြို့နယ်တချို့၌ စပါးတင်း၁၀၀လျှင်ကျပ် ၄သိန်းခွဲဝန်းကျင်သာ ရရှိနေ ကြောင်း တောင်သူများထံမှ သိရသည်။

ထို့အပြင်ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် စိုက်ဧကအချို့ပျက်စီးမှုများရှိခဲ့သဖြင့်စပါးအထွက်နှုန်း လျှော့ကျခဲ့ရာ စပါးစျေး တင်း ၁၀၀လျှင် ကျပ်၅သိန်းရရှိခဲ့သော်လည်း အရူံးပေါ်နိုင်ကြောင်းတောင်သူများက သုံးသပ်ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required