ဒေါ်နော်အုန်းလှတို့၏ အမှုပြင်ဆင်ချက်အယူခံလျောက်လဲချက် ခရိုင်တရားရုံးပလပ်

ဒေါ်နော်အုန်းလှတို့၏ အမှုပြင်ဆင်ချက်အယူခံလျောက်လဲချက် ခရိုင်တရားရုံးပလပ်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ အောင်တိုဘာ ၁၈။          ။ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးအပေါ်ထောင် ဒဏ်ချမှတ်ခဲ့မှုအတွက် အမှုပြင်ဆင်ချက် အယူခံလျောက်လဲချက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ ပလပ်လိုက်ကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်နော်အုန်းလှကမဇ္ဈိမ သို့ပြောသည်။

“ဒီနေ့အမှုကိုလျောက်လဲချက်ပေးတဲ့အခါမှာ ပလပ်လိုက်တယ်ပေါ့နော်။ ကျွန်မတို့က ဒီအမှုကို ပြင်ဆင်ဖို့ ထပ်တက်မယ်။တိုင်းကိုတက်မှာပါ” ဟု ၎င်းကဆိုသည်။

ကရင်အာဇာနည်နေ့အခမ်းအနားကို ခွင့်ပြုချက်မရဘဲ ဦးဆောင်ကျင်းပခဲ့ခြင်းကြောင့် ဒေါ်နော်အုန်းလှနှင့် ကရင် လူငယ်တနှစ်ဦးတို့ကို ကျောက်တံတားမြို့နယ်တရားရုံးမှ ငြိမ်းစုစီဥပဒေပုဒ်မ၂၀ဖြင့် ထောင်ဒဏ် (၁၅) ရက် ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စရပ်များအတွက် အောက်တိုဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် တိုင်ကြားစာတစ်စောင်ကို နိုင်ငံတော် သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ၊ အမေရိကန်သံရုံး ၊ ကုလသမဂ္ဂတို့ကို လိပ်မူ ကာ ပေးပို့ခဲ့ကြောင်းလည်းသိရသည်။

“အဓိက တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးနေတာပါတယ်။ ပြီးတော့ နိုင်ငံသားအခွင့်အရေးရှိပါလျှက်နဲ့ ဒီလိုမျိုး လုပ်တာတော့နစ်နာတယ်ပေါ့နော်။ မဖြစ်သင့်တဲ့ကိစ္စမို့လို့ တိုင်ကြားတာပါ” ဟု ဒေါ်နော်အုန်းလှကပြောသည်။

ရန်ကုန်မြို့လယ်တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးကို အောက်တိုဘာ ၄ ရက်နေ့က  KNU ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကိုယ်တိုင် ဂုဏ်ပြုခဲ့သေးသည်။

ဒေါ်နော်အုန်းလှသည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှဖွဲ့စည်းထားသည့် ကရင့်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required