အမည်မသိသေနတ်သမား၏ ပစ်ခတ်မှုကြောင့် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးသေဆုံး

အမည်မသိသေနတ်သမား၏ ပစ်ခတ်မှုကြောင့် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးသေဆုံး
ဓာတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း

ရန်ကုန်၊ အောက်တိုဘာ ၁၆။          ။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် ၊ နားကွမ်းလုံကျေးရွာအုပ်စု ၊ မန်ကောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးကို အောက်တိုဘာလ ၁၅ ရက်နေ့ ၊ နံနက်ပိုင်းအချိန်ခန့်က အမည်မသိ လူ တစ်ယောက်က  သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း လာရှိုးအခြေစိုက် ပရဟိတအသင်းထံမှ သတင်းရရှိသည်။

သေဆုံးသူ မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာကူးသည်  အသက် ( ၆၀ )နှစ်အရွယ်ဖြစ်ပြီး  လားဟူတိုင်းရင်းသားဖြစ်ကြောင်း ၊ ယမန်နေ့ညပိုင်း၌ သမီး၊သားမတ်တို့ နှင့် အတူရှိနေစဉ် အမည် မသိ လူတစ်ယောက်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေနတ်ကျည်ဒဏ်ရာ ၆  ချက်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ   စိုင်းဝသုန်ထွန်းက ပြောသည်။

"ကျွန်တော့်ကို နေလယ် ၁၂ နာရီလောက်  နယ်ထိန်းတစ်ယောက်က ရွာသူကြီး ဒဏ်ရာနဲ့ သေဆုံး နေတာနဲ့ပတ်သက်ပြီး ကူညီပေးဖို့ ဖုန်းလှမ်းဆက်တယ် ။ ကျွန်တော်တို့ လူငယ်တွေနဲ့ မြို့မ ရဲစခန်းက လူတွေ ပူးပေါင်းပြီးသွားလိုက်တယ်။နားကွမ်းလုံကျေးရွာကနေ တစ်ဆင့် နှစ်မိုင် သုံးမိုင်လောက် အထဲကို သွားရတယ်။ လမ်းကဆိုးတယ်။  ဟိုရောက်တော့ ရွာသူကြီးကို သေနတ် ဒဏ်ရာနဲ့ တွေ့တယ်။ ကျွန်တော်တို့အဖွဲ့က အလောင်းကိုသယ်ယူပြီး ရင်ခွဲရုံကို ပို့လိုက်တယ်" ဟု စိုင်းဝသုန်ထွန်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား လားရှိုးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

မန်ကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်သူ အမည် မသိ သေနတ်သမား( စုံစမ်းနေဆဲ ) ကို  လားရှိုးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာတွင် သြဂုတ်လ ၂၀ ရက်၊ညပိုင်းက မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်သို့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly