အငြင်းပွားမှုအတွက် မှားခဲ့ရင်တောင်းပန်ဖို့ ဝန်မလေးဘူးဟု တာဝန်မှ ယာယီရပ်ဆိုင်းခံရသော ရွှေတိဂုံ ဂေါပကရုံးအဖွဲ့မှူးဆို

အငြင်းပွားမှုအတွက် မှားခဲ့ရင်တောင်းပန်ဖို့ ဝန်မလေးဘူးဟု တာဝန်မှ ယာယီရပ်ဆိုင်းခံရသော ရွှေတိဂုံ ဂေါပကရုံးအဖွဲ့မှူးဆို
 ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့က ရွှေတိဂုံစေတီ ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေစဉ်/ ဓာတ်ပုံ - သူရ/မဇ္ဈိမ

အောက်တိုဘာလ ၁၈ ။           ။ ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိပတ္ထမြားမျက်ရှင်တော်သို့ ဘုရားဖူးရန်အတွက် အမျိုးသမီးတစ်ဦးတက်ခွင့် ပြုခဲ့သည့်ဟုဆိုကာ စုံခုံဖွဲ့စစ်ဆေးခြင်းခံရပြီးနောက် ရာထူးမှဆိုင်းငံခြင်း ခံထားရသည့် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက အငြင်းပွားမှုအတွက် မှားခဲ့ရင်တောင်းပန်ဖို့ ဝန်မလေးဘူးဟု ပြောဆိုလိုက်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းက ရွှေနန်းတော်စိန်ရွှေရတနာ ဆိုင်ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်း အပါအဖွဲ့အဝင်နှစ်ဦးကို ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္ထမြားမျက်ရှင်ရုပ်ပွားတော်သို့ တက်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည့်ကိစ္စနှင့် တက်ရောက်ခွင့်ကတ်ပြားပါရှိခြင်း မရှိခြင်းတို့အတွက် ရွှေတိဂုံ စေတီ တော်ဂေါပကအဖွဲ့ရုံးမှ စုံခုံဖွဲ့စစ်ဆေးခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်ဂေါပကရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့က ရွှေတိဂုံစေတီ ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေစဉ်/ ဓာတ်ပုံ - သူရ/မဇ္ဈိမ

" ကျွန်တော်က သူ့ကိုဘယ်တုန်းကမှထိခိုက်အောင် ဘယ်တုန်းကမှမပြောခဲ့ဘူး။ သူ့ကိုမရည်ရွယ်ခဲ့ဘူး။ ကျွန်တော်က သိသင့်သိထိုက်တာကိုပဲ သူဘက်က ကာကွယ်ပြီးပြောခဲ့တာ။ တကယ်တမ်း အစည်းဝေးကြီးမှာ ပြော ခဲ့တာ ဘယ်သူလဲ။ ဒီဟာကြီးပွင့်သွားအောင် လုပ်တာဘယ်သူလဲ။ ဒါက အဓိကမကြဘူးလား။ ကျွန်တော့်ဘဝ တစ်ခုလုံးနဲ့ရင်းပြီး အမှန်တရားကို လုပ်နေတာ။ သူ့နာမည်လေးလောက်တော့ သုံးခွင့်မရှိဘူးလား ။ သူ့ကို မရည် ရွယ်ပါဘူး။ သူ့ကိုသိက္ခာချဖို့ မရည်ရွယ်ပါဘူး။ တောင်းပန်သင့်ရင်လည်း တောင်းပန်ဖို့အဆင်သင့်ပါပဲ " ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး (တာဝန်မှ ဆိုင်ငံ့ခံရသူ) ဦးထွန်းအောင်ငွေက မဇ္စျိမ သတင်းဌာနကို ပြောသည်။

ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှူး(ဆိုင်းငံ့ခံရသူ) ဦးထွန်းအောင်ငွေကို ရွှေနန်းတော်စိန်ရွှေရတနာပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးဥပေဒပုဒ်မ ၁၀ဖြင့် အောက်တိုဘာလ
၁၆ ရက်နေ့က ကမာရွတ်ရဲစခန်းတွင် အမူဖွင့်လှစ်ထားကြောင်း ပြည်တွင်းသတင်းမီဒီယာ တချို့တွင် ရေးသား ဖော်ပြထားသည်။

"သူအမူဖွင့်လိုက်တဲ့အတွက် ကျေနပ်ပါတယ်။သူနဲ့တိုက်ရိုက်ပြောခွင့်ရှိမယ်။ အမှန်တရားကို တရားရုံးမှာပဲ ဖြစ်ဖြစ်ပြောခွင့်ရရင် ကျေနပ်တယ်။ ကျွန်တော်ဘက်က မှားခဲ့ရင် တောင်းပန်ဖို့ ဝန်မလေးပါဘူး " ဟု ဦးထွန်းအောင်ငွေက ဆက်ပြောသည်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ခွင့်ကို သံဃာနှင့် အမျိုးသားများကိုသာ ခွင့်ပြုထား ကြောင်း ဘုရားဝတ်ပြုခြင်းဆိုင်ရာစည်းကမ်းချက်များတွင် ဝတ်စားဆင်ယင်မူ၊ လုံခြုံရေးဆိုင်ရာစည်းကမ်းများ သတ်မှတ်ထားကြောင်း ဝါတွင်းကာလတွင် စနေ၊တနင်္ဂနွေ ၊ ဥပုသ်နေ့ နှင့် ဝါကျွတ်ကာလတွင် စနေ၊တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့တို့တွင်သာ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly