ကာတာလန်ဆန္ဒပြမှုများက ကလက်စီကိုပွဲစဉ်ကို ထိခိုက်မှာမဟုတ်ဘူးလို့ ဘာကာနည်းပြ ဗယ်လ်ဗာဒီ ယုံကြည်

ကာတာလန်ဆန္ဒပြမှုများက ကလက်စီကိုပွဲစဉ်ကို ထိခိုက်မှာမဟုတ်ဘူးလို့ ဘာကာနည်းပြ ဗယ်လ်ဗာဒီ ယုံကြည်
Photos: AFP & EPA

အကြီးမားဆုံး ဆန္ဒပြပွဲကို ကလက်စီကိုပွဲစဉ်ကစားမယ့် အောက်တိုဘာ (၂၆)ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြတာကြောင့် လုံခြုံရေးပြဿနာတွေကို တာဝန်ရှိသူတွေက စိုးရိမ်

ဘာစီလိုနာအသင်း နည်းပြ ဗယ်လ်ဗာဒီက ကာတာလိုနီးယားရှိ ခွဲထွက်ရေးလိုလားသူတွေက အကြမ်းဖက် ဆန္ဒပြမှုတွေရှိနေပေမယ့်လည်း ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် လာမယ့် အယ်လ်ကလက်စီကို (El Clasico) ပွဲစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

ကာတာလန်ပြည်နယ် ခွဲထွက်ရေးအတွက် ဘာစီလိုနာမြို့အတွင်း အလွန်ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ (၃)ရက် ကြာ ဖြစ်ပွားပြီးနောက် အယ်လ်ကလက်စီကို ပထမအကျော့ပွဲစဉ်ကို ဘာနေဗျူးကွင်းမှာ ပြောင်းလဲကျင်းပဖို့ စပိန်ဘောလုံးလိဂ် (LFP) က နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အကြီးမားဆုံး ဆန္ဒပြပွဲကို ကလက်စီကိုပွဲစဉ်ကစားမယ့် အောက်တိုဘာ (၂၆)ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြတာကြောင့် လုံခြုံရေးပြဿနာတွေကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပြီး အခုလို စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ဒီပွဲစဉ် (အက်လ်ကလက်စီကို)မတိုင်ခင် ကိုးရက်တောင် အချိန်ရှိပါသေးတယ်။ ဒီရက်သတ္တပတ်ဟာ ဘာစီလိုနာမှာတော့ နည်းနည်း ထူးဆန်းပါတယ်။ ဒါပေမယ့် အချိန်တွေရှိပါတယ်။ ကျနော်တို့ရဲ့ ကွင်းမှာ ဒီပွဲစဉ် ကစားသွားနိုင်ဖို့အတွက် ကျနော်တို့ ကိုယ်တိုင်ရော၊ ကျနော်တို့ လူတွေကပါ ယုံကြည်မှုအပြည့်ရှိပါတယ်။"လို့ ဗယ်လ်ဗာဒီက သတင်းစာရှင်းပွဲတစ်ခုမှာ ပြောပါတယ်။

"ဘာနေဗျူး (ရီးယဲလ်ကွင်း)မှာ ပထမအကျော့ ကစားဖို့နဲ့ အပြောင်းအလဲလုပ်ဖို့ အဆိုပြုချက်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါကိုတော့ ကျနော်တို့ သဘောမတွေ့ပါဘူး။"လို့ သူက ဆက်ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ စနေနေ့မှာ အီဘာအသင်းနဲ့ အဝေးကွင်း သွားရောက်ကစားမှာဖြစ်ပြီး အဲဒီနောက် လာမယ့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်မှာ ဆာလာဗီးယား ပရာ့ပ်နဲ့ ကစားဖို့ ခရီးဆက်ရမှာဖြစ်ပါတယ်။

စပိန်ထိပ်သီးအသင်းကြီး နှစ်သင်းစလုံးက ပထမအကျော့နဲ့ ဒုတိယအကျော့ကို ကွင်းပြောင်းကစားဖို့ လိဂ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဖြစ်လာနိုင်ဖွယ်ရှိတာတစ်ခုက ဒီပွဲစဉ်ကို နောက်ဆုတ် ရွှေ့ဆိုင်းသွားဖို့ဖြစ်တယ်လို့ စပိန်သတင်းစာတစ်ဆောင်က ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်က မအောင်မြင်တဲ့ ကတ်တာလိုးနီးယားဒေသ လွတ်လပ်ရေးကြေညာချက်နဲ့ ပတ်သက်လို့ ကာတာလန်ခွဲထွက်ရေး ခေါင်းဆောင်တွေကို အောက်တိုဘာ ၁၄ ရက်နေ့က ထောင်ဒဏ် (၉)နှစ်ကနေ (၁၃)နှစ်အထိ စပိန်တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ကာတာလိုနီးယားတလွှား ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ တခြားကာတာလန်မြို့တွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်ခဲ့ကြတဲ့ တတိယမြောက်ညမှာ လူအများအပြား ထိခိုက်မှုတွေရှိပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly