နိုဝင်ဘာလမှ စတင်ကာ အာဆီယံ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form D)များကို အီလက်ထရောနစ် နည်းဖြင့် လဲလှယ်နိုင်မည်

နိုဝင်ဘာလမှ စတင်ကာ အာဆီယံ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form D)များကို အီလက်ထရောနစ် နည်းဖြင့် လဲလှယ်နိုင်မည်

ရန်ကုန်။အောက်တိုဘာ ၁၇ ။          ။ မြန်မာနိုင်ငံအနေဖြင့်လာမည့် နိုဝင်ဘာလမှစတင်ကာ အာဆီယံပြတင်းတစ်ပေါက်စနစ်ဟု ခေါ်သည့် ASEAN Single Window ကုန်သွယ်မှုစနစ်မှတစ်ဆင့် အာဆီယံပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form D) များကို အီလက်ထရောနစ်နည်းဖြင့် စတင်လဲလှယ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 “ အခုလို Single Window စနစ်ရှိခြင်းအားဖြင့် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို တိကျ မှန်ကန်စွာနဲ့ ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပြီးတော့ အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်း လည်ပတ်နေမှုကို အထောက်အကူပြုမှာဖြစ်ပါတယ်” ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ယင်းစနစ်ဖြင့်တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်မှုတွင် ပါဝင်သော (၈)နိုင်ငံမြောက် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း လက်ရှိတွင် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဘရှုနှိုင်း၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နာမ်နိုင်ငံတို့က ယင်းစနစ်မှတစ်ဆင့် တရားဝင်လဲလှယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ထို့ကဲ့သို့ပါဝင်လာသည့်အတွက်ြပည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်များအနြေဖင့် အာဆီယံကုန်စည် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူစာချုပ် (ATIGA)အရ မြန်မာနိုင်ငံအတွက် အကောက်ခွန်သက်သာခွင့်ပေးထားသည့် သတ်မှတ်ကုန်စည်များအတွက် အကျိုးခံစားခွင့် ရရှိလာမည်ဖြစ်သည်။

အီလက်ထရောနစ်နည်းစနစ်ဖြင့် အာဆီယံပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form D)များလဲ လှယ်နိုင်သော ကြောင့် ပြည်တွင်းမှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းစဉ်များကို လျှော့ချနိုင်ပြီး အချိန်ကုန် သက်သာလာနိုင်မည် ဖြစ်သည်။ယင်းအပြင်ကုန်စည်တင်ပို့သူများအနေဖြင့် လည်း အာဆီယံ ဒေသတွင်း စျေးကွက်ချဲ့ထွင်မှုကို မြှင့်တင် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ကြိုဆိုပါတယ်။ အီလက်ထရောနစ်နည်းစနစ်နဲ့ဆိုရင် အချိန်ကုန်သက်သာသွားမယ်။ ပြီးတော့ရုံးကိုသွားရတဲ့ စရိတ်စကတွေ သက်သာသွားနိုင်မယ်”ဟု Kyaw Eleven Trading CO.,Ltd ဒါရိုက်တာ ကိုသက်တင်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ အကြားကုန်သွယ်မှု လွယ်ကူလျှင်မြန်ချော့မွေ့စေရန် အတွက် ရည်ရွယ်ကာ ASEAN Single Window နှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် နိုင်ငံတော်ပြတင်း တစ်ပေါက် စနစ်ခေါ် National Single Window စနစ်တစ်ခုကိုလည်း တည်ထောင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစနစ်မှာ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များအားလုံးကို တစ်နေရာ တည်းမှာပင် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များအတွက် အမေရိကန်နိုင်ငံ အစိုးရ၏ နိုင်ငံတကာပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (USAID) နှင့်ကမ္ဘာ့ဘဏ်တို့က ပံ့ပိုးကူညီပေးနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly