မန္တလေး ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် we chat ဖြင့် ရောင်းဝယ်ပါက အမည်ပျက်စာရင်း သွင်းမည်

မန္တလေး ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် we chat ဖြင့် ရောင်းဝယ်ပါက အမည်ပျက်စာရင်း သွင်းမည်

မန္တလေး၊ အောက်တိုဘာ ၁၇ ။            ။ မန္တလေး ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် တရုတ်နိုင်ငံ၏လူမှုကွန်ယက်ဖြစ်သည့် we chat ဖြင့် ရောင်းဝယ်မှုများပြုလုပ်ပါက ရောင်းဝယ်သူအား အမည်ပျက်စာရင်း (Blacklist) သွင်းသွားမည် ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီမှ ဦးကျော်ဇောအောင်ကပြောသည်။

မန္တလေးမြို့၊ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပမည့် အရိုင်းဖြတ်သားအချောထည် ကျောက်စိမ်း ကျောက် မျက်ပြပွဲအတွက် အောက်တိုဘာလ ၁၇ရက်နေ့တွင် ကွန်ဗင်းရှင်းစင်တာ၌  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 "ခုလုပ်မယ့် ပြပွဲမှာ we chat နဲ့ ရောင်းဝယ်တာကို ခွင့်ပြုမထားဘူး။ တားမြစ်သွားမယ် ။ တကယ်လို့ ရောင်းဝယ်လုပ်နေတာတွေ့ရင် သတိပေးပြီး ထပ်လုပ်နေရင်တော့ သူ့ကို နောက်နောင်ပြပွဲတွေမှာ လာလို့မရအောင် အမည်ပျက်စာရင်း (Blacklist) လုပ်မယ်။" ဟု ဦးကျော်ဇောအောင် က ပြောသည်။

အဆိုပါ ပြပွဲတွင် ကျောက်မျက် ရတနာရောင်းအချောထည်ဆိုင်ခန်းပေါင်း၂၀၀ ကျော်နှင့် အရိုင်း ဖြတ်သားကျောက်စိမ်းအတွဲလော့ ၂၆၈၀ကျော်ကို ပြပွဲတင်ရန် စာရင်းပေးထားပြီး အောက်တိုဘာလ ၁၈ ရက်နေ့အထိ စာရင်းများ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း (၂၀) တင် ရမည်ဖြစ်ပြီး ကျပ်သိန်း (၂၀၀)အထိဝယ်ယူခွင့်ရှိမည်ဖြစ်ေကြာင်း ပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်း အရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့်ရောင်းချ၍ အချောထည်များကို နိုင်ငံခြားငွေ ၊ မြန်မာကျပ် ငွေ နှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကြမ်းခင်းဈေးအဖြစ် အနည်းဆုံး ကျပ် ၁၀ သိန်း မှ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားကြောင်းသိရပြီး ရောင်းချမည့်အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန် စည်းကြပ်မှုအဖြစ် အရောင်း ၁၃ ရာခိုင်နှုန်းနှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲကို အောက်တိုဘာ ၂၃ ရက်နေ့မှ၂၉ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly