မန္တလေး ကျောက်စိမ်း၊ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀၀ ကျော်ရောင်းချမည်

မန္တလေး ကျောက်စိမ်း၊ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀၀ ကျော်ရောင်းချမည်

မန္တလေး၊ အောက်တိုဘာ - ၁၆။          . ။ မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ ၂၃ ရက်နေ့မှ၂၉ရက်နေ့အထိကျင်းပမည့် ကျောက်စိမ်း၊ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀၀ ကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှသိရသည် ။

အဆိုပါပြပွဲတွင် ကျောက်မျက်ကုမ္ပဏီနှင့် ကျောက်မျက်ရတနာရောင်းအချောထည်လုပ်ငန်းစုစုပေါင်း ၅၀၀ ကျော်၏ လော့ ၂၅၀၀ ကျော် ပြပွဲတင်ထားပြီးဖြစ်ကာ အချောထည်များလည်း ရောင်းချသွားမည်ဖြစ်သည်။

"နောက်ထပ်လည်း ရောက်လာနိုင်သေးတယ်။ အခုတော့ ပြပွဲအတွက် ခင်းကျင်းတာတွေ ပြင်ဆင်တာတွေ လုပ်နေတယ်။အများက စိတ်ဝင်စားတဲ့အနေအထားမှာတော့ရှိတယ်။"ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးကျော်ဇောအောင် က ပြောသည်။

အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)က ဦးဆောင်ကျင်းပခြင်းဖြစ်သည် ။ပြပွဲတွင် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရမည်ဖြစ်ပြီး ကျပ်သိန်း (၂၀၀)အထိဝယ်ယူခွင့် ရှိမည်ဟု သိရသည်။ ကျောက်စိမ်း အရိုင်းဖြတ်သားများကိုမူ မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ပြီး အချောထည်များကို နိုင်ငံခြားငွေ ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ထိုပြပွဲတွင် ရောင်းချမည့်အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုကို အရောင်း ၁၃ ရာခိုင်နှုန်းနှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။

အဆိုပါပြပွဲအတွက် ဝင်ကြေးမှာ မြန်မာကုန်သည်ဆိုလျှင် ၂၀၀၀၀ ကျပ်နှင့်နိုင်ငံခြားသား ကုန်သည်ဆိုပါက တစ်သိန်းကျပ် အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required