ရွှေတိဂုံဘုရားနှင့်ရေကျော်ပွဲဈေးတွင် ခါးပိုက်နှိုက်သူ လေးဦးကို ဖမ်းမိ

ရွှေတိဂုံဘုရားနှင့်ရေကျော်ပွဲဈေးတွင် ခါးပိုက်နှိုက်သူ လေးဦးကို ဖမ်းမိ
ဓာတ္ပုံ - Yangon Police

ရန်ကုန်၊ အောက်တိုဘာ ၁၆။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးသို့ လာရောက်ခဲ့သူများထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့သူ လေးဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီ မိနစ်၂၀တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာန ခွဲမှတပ်ဖွဲ့ဝင်များသည် ပုဇွန်တောင်မြို့နယ်အတွင်း ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် (၄၉)လမ်းထောင့်ရှိ ရေကျော်သီတင်းကျွတ်ဈေးပွဲတော်အတွင်း ခါးပိုက်နှိုက် သတင်းရှိသူ လှဝင်း(ခ)ရှစ်နီးယား(ခ)ရာဂျားအား ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံးနှင့် ပတ်သက်၍ စစ်မေးရာ ၎င်းဈေးပွဲတော်သို့ လာရောက်သည့် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၃ရက် နံနက် ၁၁နာရီ ၁၀မိနစ် တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံ စေတီတော်အနောက်ဘက်မုခ်စောင်းတန်းတွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ခါးပိုက် နှိုက် သတင်းရှိသူ ဇော်မင်းဦး၊ သူရအောင် နှင့် နေမျိုးထက် တို့(၃)ဦးအား ၎င်းတို့လက်အတွင်းရှိ ငွေ(၁၁၄၅၀)ကျပ်ပါ ပိုက်ဆံအိတ်(၁)လုံးနှင့် ပတ်သက်၍ စစ်မေးရာ ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းမှ ဘုရားဖူးရန် တက်လာသည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား(၁)ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သိရသည်။

ထိုသို့ ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့ကြေသာ လှဝင်း(ခ)ရှစ်နီးယား(ခ)ရာဂျားအား နှင့် ဇော်မင်းဦး ပါ (၃)ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required