မိမိဖြစ်သလိုမျိုး နောင်ဘယ်သူကိုမှ မဖြစ်စေချင်ဘူးလို့ ပြောဆိုလိုက်တဲ့ ဖြိုးပြည့်စုံ

မိမိဖြစ်သလိုမျိုး နောင်ဘယ်သူကိုမှ မဖြစ်စေချင်ဘူးလို့ ပြောဆိုလိုက်တဲ့ ဖြိုးပြည့်စုံ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊အောက်တိုဘာ ၁၅။        ။ မူးယစ်ဆေးဝါးသံသယမှုနဲ့ ဖမ်းဆီးခံရစဉ်မှာ မိမိကြုံတွေ့ရသလိုမျိုး နောင်ဘယ်သူကိုမှ မကြံုတွေ့ရစေချင်ဘူးလို့ အဆိုတော်ဖြိုးပြည့်စုံက ဆိုပါတယ်။ အဆိုတော်ဖြိုးပြည့်စုံအပါအဝင် ၃ ဦးဟာ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မီဒီယာတွေ့ဆုံပွဲပြုလုပ်ပြီး ပြောဆိုလိုက်တာပါ။

“ဖမ်းဆီးတဲ့အခါမှာ လုပ်ထုံးလုပ်နည်းကျော်သွားတဲ့အတွက် ပြစ်မှုမြောက်သွားတယ်။အဲ့ဒီအတွက်သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးက အခုအချိန်အထိ အရေးယူထားတာ စစ်ဆေးတာတွေရှိပါတယ်။ ဒီကိစ္စအပေါ်မှာ ပြောချင်တာက နောင်လာမယ့်ဖြစ်ရပ်တွေမှာ တူညီတဲ့အရာမျိုး မြန်မာပြည်သူပြည်သားတွေအပေါ်မှာ မဖြစ်လာ ခဲ့ရင် ကျေနပ်ပါပြီ”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူတို့ သုံးယောက်ကို မူးယစ်ဆေးဝါးသံသယအမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ မှားယွင်းဖမ်းဆီးခဲ့တယ်ဆိုပြီး ပြန်လွှတ်ပေးခဲ့တာပါ။ပြန်လွတ်ပြီး မကြာခင်မှာပဲ အဆိုတော် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့ဟာ မီဒီယာများနဲ့ တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ ရက်၊ နေ့လယ် ပိုင်းက ရန်ကုန်မြို့ရှိ House of Orchid တွင်ပြုလုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရစဉ်အတွင်းမှာ ပါဝင်ခဲ့သူတစ်ဦးက သူတို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာလက်ထိပ်ခတ် ခံရ တာတွေကို ရိုက်ကူးထားတဲ့ Video ဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပါတယ်။ ဒီအတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်လို့ ဖြိုးပြည့်စုံကဆိုပါတယ်။

အခုလိုဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့ဝင်တွေကိုတရားစွဲဆိုမှာ မဟုတ်ဘူးလို့ ဖြိုးပြည့်စုံက ပြောဆိုခဲ့တာပါ။

လူငယ်တေးသံရှင် ဖြိုးပြည့်စုံနဲ့ တေးရေးငြိမ်းချမ်း၊ တေးရေး ရော်နီစန်းလွင်တို့သုံးဦးကို အောက်တိုဘာ ၇ရက် ညနေပိုင်းကရန်ကုန်မြို့၊ မြန်မာပလာဇာမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးစဉ်မှာ တွေ့ရှိခဲ့တဲ့ ဆေးပြားတွေကို စစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးမဟုတ်ခဲ့တာကြောင့် သူတို့ကို အောက်တိုဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ အချုပ်ကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required