CR700 နဲ့ ရေတွက်ရဦးမယ့် သွင်းဂိုးများ

CR700 နဲ့ ရေတွက်ရဦးမယ့် သွင်းဂိုးများ
Photos: EPA

 ရော်နယ်လ်ဒိုရဲ့ အထက် ဂိုးသွင်းအများဆုံး ဂန္တဝင် (၅)ဦးသာ ရပ်တည်နေ

ခရစ္စတီယနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့က ယူကရိန်းမြေမှာ ပေါ်တူဂီအသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ သူ့ရဲ့ သွင်းဂိုး (၇၀၀)ပြည့်မြောက် ဂိုးကို သွင်းယူခဲ့နိုင်ခဲ့လို့ ကစားသမားဘဝ မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြန်ပါပြီ။

အသက် (၃၄)နှစ်အရွယ် ကစားသမားဟာ ပေါ်တူဂီအသင်းက (၂-၁)နဲ့ ယူကရိန်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော ချေပဂိုးကို ပင်နယ်တီက တစ်ဆင့် သွင်းယူခဲ့တာပါ။

သူ့ရဲ့ သွင်းဂိုး (၇၀၀) တွေကတော့ ပွဲပေါင်း (၉၇၃)ပွဲကနေ ရရှိလာတာဖြစ်ပြီး အဲဒီပွဲစဉ်တွေထဲက ပွဲ (၄၅၈)မှာ အနည်းဆုံး ဂိုး (၁)ကြိမ် သွင်းယူခဲ့ပါတယ်။

ယူကရိန်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ (၉၅)ဂိုးမြောက်လည်းဖြစ်ပြီး သူ့ရှေ့မှာတော့ နိုင်ငံတကာ သွင်းဂိုး (၁၀၉)ဂိုး ရယူခဲ့တဲ့ အီရန်ဂန္တဝင်တိုက်စစ်မှူး အလီဒါယီပဲရှိပါတော့တယ်။

ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့အတူ ရပ်တည်

ရော်နယ်လ်ဒိုဟာ သွင်းဂိုး (၇၀၀)ပြည့်မြောက်ခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက်မှာ အနည်းဆုံး ဂိုး (၇၀၀)သွင်းယူထားတဲ့ ဂန္တဝင်စာရင်းထဲ ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

Rec.Sport.Soccer Statistics Foundation ရဲ့ အချက်အလက်တွေအရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ ချက်-သြစတြေးလျကစားသမား ဂျိုးဆပ် ဘီကန် (၈၀၅)ဂိုး ရဲ့နောက် ခပ်လှမ်းလှမ်းမှာ ရှိနေပါသေးတယ်။

ဒီစာရင်းထဲမှာ ဘီကန်ရဲ့နောက်မှာ ဘရာဇီးဂန္တဝင် ရိုမာရီယို (၇၇၂)ဂိုးဖြစ်ပြီး သူ့ရဲတစ်နိုင်တည်းသား ပီလီက (၇၆၇)ဂိုးနဲ့ တတိယနေရာမှာ ရှိပါတယ်။

ဟန်ဂေရီဂန္တဝင် ဖားရန့်စ် ပွတ်စ်ကပ်က (၇၄၆) ဂိုး သွင်းယူခဲ့ပြီး ဂျာမနီကစားသမားဟောင်း ဂတ်မူလာက (၇၃၅)ဂိုးနဲ့ ထိပ်ဆုံး (၅)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ကစားသမားဘဝ သွင်းဂိုးများ

ရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ စပိန်အင်အားကြီးအသင်းအတွက် ဂိုးပေါင်း (၄၅၀) သွင်းယူခဲ့ပြီး သူ့ရဲ့ ဂိုး (၇၀၀)ထဲက (၁၁၈) ဂိုးကိုတော့ ကစားသမားဘဝရဲ့ အစောပိုင်း ၂၀၀၃ ကနေ ၂၀၀၉ အထိ မန်ချက်စတာယူနိုက်တက်မှာ သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီအသင်းအတွက် သူ့ရဲ (၉၅)ဂိုးဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် တခြားကစားသမားတွေရဲ့ ဂိုးအရေအတွက်ထက် (၂)ဆများပါတယ်။ ပါလဲတာက (၄၇)ဂိုးနဲ့ ပေါ်တူဂီအသင်းအတွက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားပါ။

ရော်နယ်လ်ဒိုရဲ့ စိတ်ကြိုက်ပြိုင်ဘက်အသင်းများ

အန်ဒိုရာ၊ အာမေးနီးယား၊ လတ်ဗီးယားနဲ့ ဆွီဒင်အသင်းတို့ဟာ ရော်နယ်လ်ဒို ဂိုးအများဆုံး သွင်းယူခဲ့တဲ့ နိုင်ငံအသင်းတွေပါ။ သူဟာ ဒီအသင်း တစ်သင်းချင်းစီနဲ့ ရင်ဆိုင်ခဲ့ရာမှာ (၅)ဂိုးထိ သွင်းယူခဲ့ပါတယ်။

သူဟာ အက်စတိုးနီးယား၊ ဖာရိုး၊ ဟန်ဂေရီ၊ လီသူယေးနီးယား၊ လူဇင်ဘတ်နဲ့ နယ်သာလန်အသင်းတွေကို (၄)ဂိုးထိ သွင်းယူခဲ့ပေမယ့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်အသင်းတွေကိုတော့ ဂိုးသွင်းယူထားနိုင်ခြင်း မရှိခဲ့ပါဘူး။

ကလပ်အသင်းအဆင့်မှာတော့ ဆီဗီလာ (၂၇ ဂိုး)၊ အက်သလက်တီကို (၂၅ ဂိုး)၊ ဂီတာဖေး (၂၃ ဂိုး)၊ ဆယ်လ်တာဗီဂို (၂၀ ဂိုး)နဲ့ ဘာစီလိုနာ (၁၈ ဂိုး)တို့ဟာ ရော်နယ်လ်ဒို ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ပြိုင်ဘက်အသင်းတွေဖြစ်ပါတယ်။

မှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါပြီ။ နောက်တစ်ခုက ဘာဖြစ်မလဲ?

ရော်နယ်လ်ဒိုဟာ စံချိန်တွေချိုးဖျက်ဖို့အတွက် သိပ်ပြီး စိမ်းလှတဲ့ ကစားသမားတစ်ဦး မဟုတ်ပါဘူး။ ခင်ဗျာ စံချိန်တစ်ခုတင်လိုက်မယ်။ သူက ဒါကို လိုက်ပြီး ချိုးဖျက်နိုင်မှာပါ။

ချန်ပီယံလိဂ်ရဲ့ ထာဝရဂိုးသွင်းအများအဆုံး၊ တစ်ရာသီအတွင်း ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး၊ ရီးယဲလ်ရဲ့ ထာဝရဂိုးသွင်းဘုရင်၊ ယူရိုပြိုင်ပွဲမှာ ပွဲအများဆုံးကစားထားသူ၊ ပေါ်တူဂီအသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ ကစားသမားအစရှိတဲ့ စံချိန်တွေက ရော်နယ်လ်ဒိုရဲ့ မှတ်တမ်းတွေထဲက အနည်းငယ်သော စံချိန်တွေပါ။

ဒီစာရင်းစံချိန်တွေဟာ အဆုံးမရှိလုနီးပါးဖြစ်တယ်။ ဒီတော့ သူ့အတွက် အောင်မြင်မှုရယူဖို့ ဘာကျန်သေးလဲ။

အချက်အလက်တွေအရပြောရရင် ဥရောပမှာ ဘာစီလိုနာရဲ့ မက်ဆီက အကောင်းဆုံးကစားမားဖြစ်လာဖို့ ရှိတာကြောင့် ရော်နယ်လ်ဒိုဟာ ဆက်ပြီး တိုက်ပွဲဝင်သွားရအုံးမှာပါ။

ဒီလအစပိုင်းက ချန်ပီယံလိဂ်မှာ လီဗာကူဆင်အသင်းဖက်ကို သွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ဂိုးဟာ ကလပ်အသင်းအတွက် (၆၀၅)ဂိုးမြောက်ဖြစ်ပြီး မက်ဆီရဲ့ (၆၀၃ ဂိုး)ထက် (၂)ဂိုးအသာဖြစ်စေခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးစလုံးဟာ ဥရောပရဲ့ ထိပ်သီးလိဂ်(၅)ခုမှာ ထာဝရဂိုးသွင်းအများဆုံးအဖြစ် (၄၁၉)ဂိုးနဲ့အတူတကွ ရပ်တည်နေပါတယ်။ ရော်နယ်လ်ဒိုက လိဂ်ဂိုပေါင်း (၄၂၂)ဂိုး သွင်းယူခဲ့တယ်ဆိုပေမယ့် အဒီထဲက (၃)ဂိုးဟာ စပို့တင်းဘစ္စဘွန်းအသင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ပေါ်တူဂီလိဂ်ဟာ ထိပ်သီးလိဂ် (၅)ခုထဲက လိဂ်တစ်ခုမဟုတ်တာကြောင့် ဒါကို  ထည့်သွင်းတွက်ချက်ခင်း မပြုခဲ့တာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ပွတ်စကတ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ သွင်းဂိုး (၄)ဂိုးနဲ့ ဒီစတီဖာနိုရဲ့ (၇)ဂိုးဆိုတဲ့ စံချိန်တို့ကို လိုက်မီဖို့လိုအပ်နေပါတယ်။ ဒါအပြင့် သူဟာ ရိုင်ရန် ဂစ်စ်ရဲ့ ချန်ပီယံလိဂ် (၁၆)ရာသီဆက် ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းဖို့ လိုအပ်ပါတယ်။

သူ့အတွက် နောက်ထပ် စံချိန်မှတ်တမ်းတွေ ရယူဖို့ ရှိနေဆဲဖြစ်ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly