နေမာနဲ့ အမ်ဘာပေတို့က အနာဂတ် ဘလွန်းဒီအော်ဆုရှင်တွေပါ။ - ဘူဖွန်

နေမာနဲ့ အမ်ဘာပေတို့က အနာဂတ် ဘလွန်းဒီအော်ဆုရှင်တွေပါ။ - ဘူဖွန်
Photos: EPA

'မင်း ၂၆ နှစ်အရွယ်ရှိပြီ။ ဘလွန်းဒီအောဆု မရသေးတာ မယုံနိုင်စရာပဲ။'

ဂျူဗင်တပ်စ်အသင်းရဲ့ ဝါရင့်အီတလီဂိုးသမားကြီး ဘူဖွန်က ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့ အသင်းဖော်ဟောင်း ကစားသမားနှစ်ဦးဟာ လာမည့်နှစ်အနည်းငယ်အတွင်း ဘလွန်းဒီအောဆု (Ballon d’Or)ကို ဆွတ်ခူးရရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီ သွားရောက်ကစားပြီးနောက် ယခုနှစ်မှာ စီးရီးအေကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ ဘူဖွန်က နေမာနဲ့ အမ်ဘာပေတို့ဟာ မက်ဆီနဲ့ ခရစ္စတီယာနို ရောနယ်လ်ဒို လက်သစ်တွေဖြစ်လာလိမ့်မယ်လို့ ထင်မြင်ထားပါတယ်။

အသက် (၄၁)နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမား ဘူဖွန်က Eurosport နဲ့ အင်တာဗျူးအစီအစဉ်မှာ နေမာနဲ့ ဘာပေတို့ကို ချီးကျူးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

"ပီအက်စ်ဂျီအသင်းမှာ ကျနော် ရှိနေတုန်းက အနာဂတ် ဘလွန်းဒီအော ဆုရှင်နှစ်ယောက်နဲ့ တွဲကစားခွင့်ရခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

"နေမာနဲ့ ကိုင်လီယန် အမ်ဘာပေတို့ အကြောင်းကို ကျနော် ပြောနေတာပါ။ သူတို့နှစ်ဦးလုံးက သာမန်ထက် လွန်ကဲတဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားကြပါတယ်။

"ကျနော် ပီအက်စ်ဂျီအသင်းကို သွားဖြစ်ခဲ့တဲ့ အကြောင်းပြချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ကိုင်လီယန်ကတော့ ကမ္ဘာကြီးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားသူပါ။ သူကသာ 'ငါ လာမယ့် ၁၀ နှစ်အတွင်း ဘလွန်းဒီအော်ဆု ၅ ကြိမ် ရယူနိုင်ရမယ်လို့' သူ့ကိုသူ ပြောမယ်ဆိုရင် သူ ဒါကို လုပ်နိုင်ပါလိမ့်မယ်။ အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်နေတာပါ။"

ဘူဖွန်က နေမာနဲ့ ပတ်သက်ပြီးတော့လည်း "သူက ကျနော် ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ အဆင့်အတန်းမျိုး၊ ပါရမီ၊ ကျွမ်းကျင်မှုမျိုးရှိသူပါ။"လို့ ဆက်လက် ပြောဆိုပါတယ်။

"သူနဲ့ မကြာခဏ ကျနော် ပြောဖြစ်ခဲ့ပါတယ်။ 'မင်း ၂၆ နှစ်အရွယ်ရှိပြီ။ ဘလွန်းဒီအောဆု မရသေးတာ မယုံနိုင်စရာပဲ။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ရှိနေတဲ့တိုင်အောင် မင်း ဒါကို ဆွတ်ခူးသင့်တယ်။ သူတို့ ရပ်တန့်မယ့်အချိန်ကို မင်း စောင့်မနေသင့်ဘူး။ ဘာလို့လဲဆိုတော့ မင်က သူတို့လိုပဲ အင်အားကြီးမားပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ အဲဒီဆုကို မင်းက ၃ ခု၊ ကိုင်လီယန်က ၂ ခု ယူရမယ်။ ဒါကို မင်းလုပ်နိုင်စွမ်းရှိတယ်'လို့ ပြောဖူးပါတယ်။"

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required