ဆလုံတိုင်းရင်းသားများနေထိုင်သောကျွန်းများတွင် ပုလဲမွေးမြူရေးတိုးချဲ့လုပ်ကိုင်လာမှုအပေါ် ကန့်ကွက်

ဆလုံတိုင်းရင်းသားများနေထိုင်သောကျွန်းများတွင် ပုလဲမွေးမြူရေးတိုးချဲ့လုပ်ကိုင်လာမှုအပေါ် ကန့်ကွက်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဘုတ်ပြင်း၊ အောက်တိုဘာ (၁၄)။          ။ ကော့သောင်းခရိုင်၊ခင်ပြည့်စုံကျွန်းပေါ်ရှိ လငန်းကျေးရွာတွင် ဆလုံ(မော်ကင်း) တိုင်းရင်းသားများ နေထိုင်သောကျွန်းများ၌ ပုလဲမွေးမြူရေးကုမ္ပဏီတစ်ခုမှ ရေပြင်နှင့်မြေပြင်ဧရိယာ များ တိုးချဲ့လာမှု အပေါ် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

လငန်းကျေးရွာတွင်နေထိုင်ကြသည့်ဆလုံ (မော်ကင်း) တိုင်းရင်းသား၏ လူနေမှုဘဝအတွက် အရပ်ဖက်အဖွဲ့စည်းများမှ သွားရောက်တွေ့ဆုံစဉ် တာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီကို အလို မရှိကြောင်း ဒေသခံတို့က ကန့်ကွက်ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
 

“ကျွန်တော်တို့က ဒီမှာနေထိုင်လာတာ နှစ်အတော် ကြာပြီ။ ပုလဲကုမ္ပဏီက အခုမှပေါ်လာတာပါ။ သူတို့လုပ်ငန်းချဲ့မှုများလာပြီ။ ဆလုံ(မော်ကင်း) တွေကို ကျွန်းနားမှာကင်မွန်ဖမ်း၊ငါးမျှားရင် နှင်ထုတ် တယ်။ ငါးဖမ်းဖို့ နေရာတွေ ရှားလာတယ်။ ဒီအတွက်ကြောင့် ဒီကုမ္ပဏီကို ကျွန်တော်တို့ မလိုချင်တာ ကြောင့်ကန့်ကွက်တာ ဖြစ်တယ်”ဟု လငန်းကျေးရွာမှ ဆလုံ(မော်ကင်း) တိုင်းရင်းသားတစ်ဦး ဖြစ်သော အကွေးက ပြောသည်။

အဆိုပါ ဆလုံ(မော်ကင်း)တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝထိခိုက်လာခြင်းနှင့်အခက်အခဲများကို အောက်တိုဘာလ ၁၁ ရက်နေ့က အရပ်ဘက် အဖွဲ့စည်း ၄ ခုဖြစ်သည့် Myanmar Alliance Transparency and Accountability (MATA) မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုတာဝန်ယူမှုနှင့် တာဝန် ခံမှုဆိုင်ရာအရပ်ဘက်မဟာမိတ်အဖွဲ့၊ တောင်ပိုင်းလူငယ်အဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် Citizen’s Action For Transparency (CAFT) တို့က သွားရောက်တွေ့ဆုံစဉ် ဆလုံ (မော်ကင်း) တို့က ပုလဲမွေးမြူရေးကုမ္ပဏီအပေါ် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဆလုံ(မော်ကင်း) တစ်ရွာလုံးက ကန့်ကွက်ထားပါတယ်။ ဒီပုလဲလုပ်ငန်းကို လုံးဝအလို မရှိဘူး။ သူတို့ရှိနေရင် ကျွန်မတို့မိရိုးဖလာလုပ်ငန်းတွေ ရေရှည်မှာလုပ်ကိုင်ရှာဖွေဖို့ အရမ်း ခက်ခဲလာဖို့ ရှိနေတယ်”ဟု ဆလုံ(မော်ကင်း)တိုင်းရင်းသူအမျိုးသမီး မနိုင်းက ပြောသည်။

အဆိုပါကန့်ကွက်ခံနေရသော မြန်မာတာဆာကီပုလဲမွေးမြူရေးကုမ္ပဏီ သည် လက်ရှိတွင် ရေပြင်၊ မြေပြင် စုစုပေါင်းဧရိယာ ဧကပေါင်း တစ်သောင်းကျော်ကို ချဲ့ထွင်လုပ်ကိုင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဆလုံတွေကင်းမွန်မျှား ငါးဖမ်းနေတဲ့ကျွန်းက ဒီ လငန်းကျွန်း ပတ်ပတ်လည်မှာ ၅ ကျွန်းရှိပါတယ်၊ အခု ဆိုရင်ကုမ္ပဏီက ယူထားပြီး၊ ဘာမှလုပ်ကိုင်လို့ မရတဲ့ ကျွန်းသေးသေးလေး တွေကို ချန်လှပ်ထားပေးတော့ ဘယ်လိုလုပ် လုပ်ကိုင်စားသောက်လို့ ရမှာလဲ။ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်”ဟု လငန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ပြောသည်။

ထိုကိစ္စများအတွက် မြန်မာတာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း  ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေး။

“ဆလုံ (မော်ကင်း) တိုင်းရင်းနဲ့ မြန်မာတာဆာကီပုလဲကုမ္ပဏီတို့အကြား ဖြစ်နေတဲ့ပြဿနာတွေက ကျွန်တော်အနေနဲ့ကတော့ ဘာမှတော့ ပြောဆိုနိုင်းခြင်း မရှိသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တလောကပဲ နှစ်ဦးနှစ်ဖက် နေပြည်တော်မှာပြည်ထောင်စုဝန်ကြီးနဲ့ ညှိနှိုင်းတွေ့ဆုံမှုတစ်ခု ပြုလုပ်ပြီးပြီး ဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ ဘာမှတော့ပြောနိုင်ခြင်း မရှိသေးပါဘူး”ဟု တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် သံယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက မှတ်ချက်ပြုသည်။

ဆလုံတိုင်းရင်းသားများသည် မြိတ်ကျွန်းစုအတွင်းရှိ ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း စသည့် ဒုံးကျွန်းတန်း များ၊ ခင်ပြည့်စုံကျွန်း၊ ဂျလန်းကျွန်း၊ လန်ပိကျွန်းတန်းနှင့် တခြားကျွန်းအနည်းငယ်တွင် နေထိုင်ကြပြီး ယခုအခါ တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီမှ လုပ်ငန်းဧရိယာတိုးချဲ့ခြင်း၊ တိုင်းရင်းသားများအား လုပ်ကွက်ကန့်သတ်ချက်များကြောင့် ဆလုံတိုင်းရင်းသားများမှာ အသက်မွေးဝမ်းကျောင်းမှု အခက် အခဲ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရေကြာင်း ဒေသခံများက ပြောကြားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required