ပရီးမီးယားလိဂ်သမိုင်းမှာ ကစားသမားတွေအတွက် လုပ်ခလစာ အမြင့်မားဆုံး ပေးချေနေရတဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ်သမိုင်းမှာ ကစားသမားတွေအတွက် လုပ်ခလစာ အမြင့်မားဆုံး ပေးချေနေရတဲ့ မန်ယူနိုက်တက်
Photos: EPA

မန်ချက်စတာယူနိုက်တက်ဟာ ဆိုးလ်ရှားလက်အောက်မှာ သူတို့ရဲ့ဆိုးရွားတဲ့ပုံစံမှာ ရှိနေတယ်ဆိုပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းအနေနဲ့ ကစားသမားတွေအတွက် မြင့်မားလွန်းလှတဲ့ စံချိန်တင်လစာငွေတွေကို ပေးချေနေရပါတယ်။

အိုးထရက်ဖို့ဒ်ကလပ်ဟာ လက်ရှိအသင်းမှာ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေအတွက် တစ်နှစ်ပေါင် (၃၃၂)သန်းအထိတောင် လစာငွေတွေ ပေးချေနေခဲ့ရတာပါ။ တစ်ပတ်လုပ်ခလစာပေးချေနှုန်းကတော့ ပေါင် (၆.၅)သန်းတောင် ဖြစ်ပါတယ်။

အခုလို ကြီးမားတဲ့ အသုံးစရိတ်ရှိနေပေမယ့်လည်း ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားဦး ဆောင်နေသူ မဟာပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ (၁၅)မှတ်ထိ ကွာဟသွားပြီဖြစ်ပြီး ဒါဟာ နှစ် (၃၀)အတွင်း လိဂ်ရာသီတစ်ခုကို အဆိုးရွားဆုံး စတင်ခြင်းဖြစ်ခဲ့ပါတယ်။

မိုးထိထောင်တက်နေတဲ့ လစာငွေပေးချေမှု ပမာဏက လွန်ခဲ့တဲ့ သုံးနှစ်တုန်းကထက် ပေါင် သန်း (၁၀၀)အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ဆန်းချက်ဇ်လို ကစားသမားမျိုးကို တစ်ပတ်လုပ်ခ ပေါင် (၅၀၅,၀၀၀)ထိ ပေးချေနေရလို့လည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ချီလီတိုက်စစ်မှူးကို အင်တာမီလန်အသင်းဆီ အငှားချထားတယ်ဆိုပေမယ့် သူ့ကို အသင်းက တစ်ပတ်လုပ်ခလစာ ပေါင် (၃၈၅,၀၀၀) ပေးချေနေရတုန်းဖြစ်ပါတယ်။

ဒါ့အပြင် စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကို ယူနိုက်တက်တို့က လစာငွေ တစ်ပတ် ပေါင် (၃၇၅,၀၀၀)အထိ ပေးနေရပါတယ်။

ပေါလ်ပေါ့ဂ်ဘာကလည်း ကလပ်အသင်းမှာ နောက်ထပ် လစာအမြင့်ဆုံးရ ကစားသမားအဖြစ် ရပ်တည်နေပြီး အိုးထရက်ဖို့ဒ်မှာ တစ်ပတ် ပေါင် (၂၉၀,၀၀၀) ရရှိနေသူဖြစ်တယ်လို့ Swiss Ramble ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လီဗာပူးလ်က (တစ်နှစ်လျှင် ပေါင် ၂၆၄ သန်း)၊ မန်စီးတီး (ပေါင်သန်း ၂၆၀)၊ ချယ်လ်ဆီး (ပေါင် ၂၄၄ သန်း)၊ အာဆင်နယ် (ပေါင် ၂၂၃ သန်း)နဲ့ စပါး (ပေါင် ၁၄၈ သန်း)တို့ဟာ ယူနိုက်တက်အသင်းထက် သိသိသာသာ လျော့နည်း သုံးစွဲကြတယ်လို့ Swiss Ramble ရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ဆာ အဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ယူနိုက်တက်တို့ဟာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆက်တိုက် ရုန်းကန်နေခဲ့ရပါတယ်။

ဖာဂူဆန်ရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၂ ခုနှစ်မှာ ယူနိုက်တက်ရဲ့ လစာငွေပေးချေမှုက မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့နောက် တတိယအမြင့်ဆုံးပေးချေမှုအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၃ နောက်ပိုင်းမှာ ယူနိုက်တက်တို့ဟာ နည်းပြ (၄)ဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပြီး အသင်းကို ထိပ်ဆုံးပြန်ရောက်ဖို့ ဆွဲတင်ရမယ့် ပြဿနာကို ဖြေရှင်းရမှာတော့ ရိုးစင်းတဲ့နည်းလမ်းဖြစ်တဲ့ ငွေကြေးကိုသာ ပုံအော သုံးစွဲခဲ့တာကို တွေ့ရပါတယ်။

ဒါကတော့ အလုပ်မဖြစ်ပါဘူး။ ယူနိုက်တက်တို့ဟာ မကြာသေးခင်ကပဲ နယူးကာဆယ်အသင်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ဇယားအောက်ဆုံးနားက အဆင့် (၁၂) မှာ ရပ်နေတာကြောင့်ပါ။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly