ဂျပန် တိုင်ဖုန်းမုန်တိုင်းမှာ သေဆုံးသူ ၂၆ ဦး ရှိပြီး ၁၈ ဦး ပျောက်ဆုံးနေ

ဂျပန် တိုင်ဖုန်းမုန်တိုင်းမှာ သေဆုံးသူ ၂၆ ဦး ရှိပြီး ၁၈ ဦး ပျောက်ဆုံးနေ

တိုကျို၊ အောက်တိုဘာ ၁၄။          ။ ဂျပန်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ဟာဂျီဘစ်မုန်တိုင်းကြောင့် လေပြင်းမုန်တိုင်းနဲ့ မိုးသည်းထန်မှုတွေအတွင်း သေဆုံးသူ ၂၀ ကျော်ထက်မနည်း ရှိနေကာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး စစ်တပ်နဲ့ ကယ်ဆယ်ရေးသမား ထောင်သောင်းများစွာ ဖြန့်ကြက်ထားပါတယ်။

ဟွန်ရှုးကျွန်း အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း နယ်မြေတွေမှာ သေဆုံးသူ ၂၆ ဦး ရှိပြီး ၁၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဂျပန်မီဒီယာတွေက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေထံက ကောက်ယူတဲ့ သတင်းအချက်အလက်တွေအရ ဒဏ်ရာရသူ ၁၇၅ ဦး ရှိကြောင်း သိရပါတယ်။

မြစ် ၁၂ မြစ် ရေကြီးရေလျှံမှုဖြစ်ပြီး ရေလွှမ်းရာ နယ်မြေတွေမှာ စက်လှေတွေနဲ့ ခုတ်မောင်းပြီး ကယ်ဆယ်ရေး ဆောင်ရွက်နေသလို ရဟတ်ယာဉ်တွေပါ ဝေဟင်မှာ ပျံဝဲပြီး အိမ်ခေါင်မိုးတွေပေါ်မှာ သောင်တင်နေသူတွေကို ကယ်ဆယ်နေရပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရအနေနဲ့ လိုအပ်သမျှ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ထပ်လိုအပ်မယ်ဆိုလည်း တပ်နဲ့ ကယ်ဆယ်ရေးအင်အားကို တိုးမြှင့်ဖြန့်ကြက်ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောပါတယ်။

တိုကျိုတောင်ပိုင်းကို စနေနေ့က ဝင်ရောက်ခဲ့တဲ့ ဒီ တိုင်ဖုန်းမုန်တိုင်းဟာ ခုချိန်မှာ အားပျော့သွားပြီး မြောက်ပိုင်းကို ဦးတည်ရွှေ့လျားသွားပြီ ဖြစ်ပါတယ်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly