မထိန်းချုပ်နိုင်ဖြစ်နေတဲ့ ကယ်လီဖိုးနီးယားတောမီးမှာ လူ တစ်သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေး

မထိန်းချုပ်နိုင်ဖြစ်နေတဲ့ ကယ်လီဖိုးနီးယားတောမီးမှာ လူ တစ်သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေး

နယူးယောက်၊ အောက်တိုဘာ ၁၃။          ။ ကယ်လီဖိုးနီးယား တောင်ပိုင်းက တောမီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခိုက်နေတာက မီးကို ပိုပြီး အလျင်အမြန် ကူးစက်ပြန့်နှံ့စေပြီး စနေနေ့ထိ ဟန့်တားနိုင်မယ့် အရိပ်အယောင် မရှိသေးပါ။

ရဟတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေပေမယ့်လည်း ဒီ တောမီးကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ လူ တစ်သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေးကြရပြီ ဖြစ်ပါတယ်။

လေပြင်းတိုက်ပြီး စိုထိုင်းစ နည်းတဲ့ နေရာတွေမှာ တောမီးအန္တရာယ် သတိပေးချက် အလံနီတွေ လွှင့်ထူထားတာဟာ ပိုမိုများပြားလာခဲ့ကြောင်း အမျိုးသားရာသီဥတုဌာနက ပြောပါတယ်။

လော့စ်အိန်ဂျလိစ်ထက်ပင် ဧရိယာကြီးမားတဲ့ ဆန်ဖာနန်ဒိုတောင်ကြားက တောမီးဟာ ပိုမိုဆိုးဝါးပြင်းထန်တာကြောင့် ပြည်သူတွေကို နေရပ်ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားကြောင်း မီးသတ်သမားတွေက ပြောပါတယ်။

“ပြည်သူတွေကို ဘေးလွတ်ရာ ထွက်သွားခိုင်းထားပါတယ်။ ဒါမှပဲ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့ မီးသတ်သမားတွေ အလွယ်တကူ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။”လို့ လော့စ်အိန်ဂျလိစ်စီရင်စု မီးသတ်အကြီးအကဲ ဒေ့ဗ်ရစ်ချက်ဆန်က ပြောပါတယ်။

တစ်ချို့သော အိမ်ပိုင်ရှင်တွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုအိမ်ရာကို မီးဘေးက ကာကွယ်ဖို့ ပန်းဥယျာဉ်ဖြန်း ရေပန်းတွေ ဖွင့်ပြီး ကာကွယ်နေတာတွေ ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ညမှာဆို လော့စ်အိန်ဂျလိစ်မြို့ မြောက်ဖက် မိုင် ၂၀ အကွာလောက်က ဆန်ဖာနန်ဒိုတောင်ကြားက ဧက ၇၅၅၂ ဧက မီးလောင်ကျွမ်းကြောင်း မီးသတ်ဌာနက ထပ်လောင်းပြောပါတယ်။

အခု တောမီးဟာ ကြာသပတေးနေ့ ညပိုင်းက စတင်လောင်ကျွမ်းတာဖြစ်ပြီး အလျင်အမြန်ပဲ မီးက ကြီးထွားပြန့်နှံ့လာတာဖြစ်ပါတယ်။

စိုထိုင်းစနည်းပါးတာနဲ့ လေပြင်းတိုက်ခတ်နေတာကြောင့် တောမီးကို ထိန်းချုပ်နိုင်ဖို့လည်း ခက်ခဲလျက် ရှိနေပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly