မီးသတ်တပ်ဖွဲ့များနှင့်အရပ်သားများကို AA ဖမ်းသွားသည်ဟု တပ်မတော်ပြော

မီးသတ်တပ်ဖွဲ့များနှင့်အရပ်သားများကို AA ဖမ်းသွားသည်ဟု တပ်မတော်ပြော
Photo - EPA

ရန်ကုန် ၊ အောက်တိုဘာ ၁၃။       ။ ရွှေပြည်သစ် ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားခရီးသည် စုစုပေါင်း ၃၁ ဦးကို ရက္ခိုင့်တပ် AA မှ မြောက်ဦးမြို့နယ်အနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တပ်မတော်ဘက်က ပြောဆိုခဲ့သည်။

မန္တလေးမှ စစ်တွေသို့ထွက်ခွာလာသည့် ရွှေပြည်သစ်ခရီးသည်တင်ယာဉ်သည် အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် မြောက်ဦးမြို့မြောက်ဘက် ကန်ကြီးကုန်း အရောက်တွင် AA တပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ ကားအားတားဆီးကာ ကားပေါ်တွင်လိုက်ပါသူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္စျိမသို့ ပြောဆိုသည်။

ကားပေါ်တွင်လိုက်ပါလာသည့် အခြေခံမီးသတ်သင်တန်းဆင်းလာသည့် သင်တန်းသား ၁၈ ဦး ၊ အရပ်သား ၁၂ ဦး ၊ မီးသတ် ဒုဦးစီးမှူး ၁ ဦး ၊ စုစုပေါင်း ၃၁ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်းြဖစ်သည်။
"ကျွန်တော်တို့တပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလိုက်လံ စုံစမ်းလျက်ရှိပါတယ်။ နယ်မြေလုံခြုံရေးကို ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်သားများ အပါအဝင် စုစုပေါင်း လူ ၃၁ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ် AA အဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုချက်မရရှိသေးပေ။
ဖမ်းဆီးခေါ်ဆောင်ခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင် ဆီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၌ မွမ်းမံ သင်တန်းတက်ပြီး မြောက်ဦးမြို့သို့ ပြန်လာသူများလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly