SSPP/SSA ၏ ဌာနချုပ်အနီးရှိ တပ်စခန်းတစ်ခု ထိုးစစ်ဆင်မှုကြောင့် ဆုတ်ခွာ ပေးလိုက်ရ

SSPP/SSA ၏ ဌာနချုပ်အနီးရှိ တပ်စခန်းတစ်ခု ထိုးစစ်ဆင်မှုကြောင့် ဆုတ်ခွာ ပေးလိုက်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSPP/SSA)၏ ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင်မှုကြောင့် အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းက ဖယ်ပေးလိုရသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

အောက်တိုဘာလ ၆ ရက်မှစတင်၍ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် SSPP/SSA ဝမ်ဟိုင်း ဌာနချုပ်အနီးသို့ အစိုးရ၏ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဖြင့် စစ်ပြေး ဒုက္ခသည်များ များပြား လာခြင်းကြောင့် ဖယ်ပေးလိုက်ရသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒီနေ့မနက် ဖယ်ပေးလိုက်တယ်။ အဲဒီတာဆမ်ပူး စခန်းက ဝမ်ဟိုင်း ဆက်သွယ်ရေး လမ်းကြောင်းပေါ့နော်။ ကျနော်တို့ ပြည်သူလူထုတွေ စစ်ပြေးဒုက္ခသည်တွေ တော်တော်များနေပြီ။ အခုက လူထုတွေက ပြောင်းဖူး၊ မြေပဲတွေ၊ တောင်ယာ စပါးတွေ ရိတ်သိမ်းတဲ့ အချိန်လေ။ တိုက်ပွဲကြောင့် သူတို မယူနိုင်ဘူး။ တိမ်းရှောင်နေရတော့ အားလုံးဆုံးရှုံး ကုန်တယ်။ အဲဒါကြောင့် အဖက်ဖက်ကို သုံးသပ်ပြီးတော့ ဖယ်ပေးလိုက်တာ။ တိုက်ပွဲကြီးထွားလာမှာကို ကျနော်တို့ မဖြစ်စေချင်ဘူးလေ”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများ ပိုမိုကြီးထွားလာမည်ကို မလိုလား ခြင်းကြောင့် SSPP/SSA ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တာဆမ်ပူး ကူတို့ဆိပ်စခန်းကို ဖယ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းအား အစိုးရတပ် သိမ်းပိုက်လိုက်သဖြင့် SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ်အား စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည် ဟုလည်း သူက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် မိုင်းရှုးမြို့နယ် မိုင်းခန်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားစဉ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) သို့ စာရေးသား အကြောင်းကြားထားသည်ဟု ဆိုသည်။

မိုင်းရှုးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော နေရာအနီးရှိ ကျေးရွာသား ၁၅၀၀ ကျော်သည် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း ရှမ်းအဖွဲ့အစည်းများကလည်း အောက်တိုဘာလ ၁၅ ရက် ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ခြင်း မရှိသဖြင့် SSPP/SSA က လက်မှတ်ရေးထိုးခြင်း မရှိခြင်းကြောင့် အစိုးရက စစ်ရေးအရ ဖိအားပေးခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၈ ရက်က SSPP/SSA က ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေထိုးပြီး နောက်ပိုင်း SSPP/SSA ဘက်မှ တပ်စခန်း ၁၀ ခုက ဖယ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒုဗိုလ်မှူး စိုင်းလက ပြောသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း တာဖာဆောင် တပ်စခန်းကို ဖယ်ပေးခဲ့ရ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required